မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကြီးအကျယ်ပြောင်းလဲပစ်နိုင်မည့် အလားအလာရှိဟု ERO များနှင့်တွေ့အပြီး အာဆီယံအထူးကိုယ်စားလှယ်ပြော

ထိုင်းနိုင်ငံ ပတ္တယားမြို့တွင် ပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ထိပ်ပိုင်းခေါင်းဆောင်များနှင့် လျှို့ဝှက်တံခါးပိတ်ဆွေးနွေးပွဲသည် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အခြေအနေများကို အကြီးအကျယ် ပြောင်းလဲပစ်နိုင်မည့် ‘ဂိမ်းအလှည့်အပြောင်း (Game Changer)’ တစ်ခု ဖြစ်လာနိုင်သည့် အလားအလာရှိကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ မာရီယာ ထာရီဆာ လာဇာရို (Mrs. Theresa Lazaro) က ပြောဆိုလိုက်သည်။

ဇူလိုင် ၁၃ ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် လူကိုယ်တိုင် တိုက်ရိုက်တွေ့ဆုံခဲ့သည့် အဆိုပါ တံခါးပိတ်ဆွေးနွေးပွဲတွင် အထူးကိုယ်စားလှယ် မစ္စ လာဇာရိုနှင့်အတူ ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ သီဟဆတ် ဖူအန်ကတ်ကေအို (Sihasak Phuangketkeow) တို့ တက်ရောက်ခဲ့ပြီး တိုင်းရင်းသားခေါင်းဆောင်များနှင့် အဖွဲ့အလိုက် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

အထူးကိုယ်စားလှယ် လာဇာရိုက ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် တိုင်းရင်းသားအဖွဲ့အမည်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း တွေ့ဆုံခဲ့သည့် အဖွဲ့အားလုံးမှာ ငြိမ်းချမ်းရေးလမ်းကြောင်းဆီ ဦးတည်ရန် လမ်းဖွင့်ထားကြကြောင်း ဆိုသည်။

ယခုလျှို့ဝှက်ဆွေးနွေးပွဲ မတိုင်ခင် တစ်ရက်အလို ဇူလိုင် ၁၂ ရက်နေ့ကလည်း ဘန်ကောက်မြို့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့အကြား အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံသည့် အလွတ်သဘောဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့သေးသည်။

အဆိုပါ ဘန်ကောက်ဆွေးနွေးပွဲတွင် အာဏာသိမ်းစစ်တပ်ဘက်က လာမည့်နှစ်နှောင်းပိုင်း၌ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့များကို မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုရန် သဘောတူခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေက ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် ၎င်းအား ‘ညီအစ်မတစ်ဦးကဲ့သို့ စောင့်ရှောက်သွားမည်’ ဟု အာဆီယံအထူးကိုယ်စားလှယ်က တင်မောင်ဆွေ၏ပြောကြားချက်ကို သတင်းထောက်များအား ပြောကြားခဲ့သည်။

သို့သော် ပြည်တွင်းမြေပြင်အခြေအနေတွင် ပြီးခဲ့သည့် ဇူလိုင် ၉ ရက်နေ့က စစ်အုပ်စု၏ လွှတ်တော်တု၌ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် (Five-Point Consensus) သည် မြန်မာ့နိုင်ငံရေး အခြေအနေမှန်ကို မထင်ဟပ်ဟုဆိုကာ ပြန်လည်သုံးသပ်ရန် အရေးကြီးအဆိုတစ်ရပ်ကို အတည်ပြုထားသည်။

ယင်းဖြစ်စဉ်သည် စစ်အုပ်စုအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် တရားဝင်မှုရရှိရန် ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းပြ၍ မျက်နှာချိုသွေးပြနေသော်လည်း ပြည်တွင်း၌မူ အာဆီယံမူ ၅ ရပ်ကို ပယ်ချရန် လမ်းခင်းနေသည့် ‘မျက်နှာနှစ်ဖက်ဗျူဟာ’ ကို အသုံးချနေခြင်းဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။

လက်ရှိတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ ပုံမှန်ဆက်ဆံရေးပြန်ဖြစ်ရန် တွန်းအားပေးနေသည့် ထိုင်းနိုင်ငံနှင့် အာဆီယံဘုံသဘောတူညီချက်များကို ထိရောက်စွာမလိုက်နာမချင်း စစ်အုပ်စုကို ပေးမဝင်ရန် ရပ်တည်နေသည့် စင်ကာပူနိုင်ငံတို့အကြား အာဆီယံအဖွဲ့အတွင်း သဘောထားကွဲလွဲမှုများ ရှိနေဆဲဖြစ်သည်။

ယခုနှစ်ကုန်ပိုင်းတွင် အာဆီယံအစည်းအဝေးကျင်းပရန်ရှိသည့်အားလျော်စွာ ယင်းအစည်းအဝေးမတိုင်ခင် စစ်အုပ်စုက အာဆီယံမူ ၅ ချက်က အဓိကအချက်များကို မည်မျှလိုက်နာသည်ကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက်က ပြောထားသည်။

သို့သော် အာဆီယံအနေဖြင့် စစ်အုပ်စု၏ ပြောကြားချက်များကိုသာ တစ်ဖက်သတ်နားမထောင်တော့ဘဲ မြေပြင်တွင် အမှန်တကယ် စစ်ရေး၊ နိုင်ငံရေး အင်အားရှိသည့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် တိုက်ရိုက် လျှို့ဝှက်တွေ့ဆုံဆွေးနွေးလာခြင်းမှာ စစ်အုပ်စု၏ သံတမန်ရေးရာကစားကွက်ကို ကျော်ဖြတ်၍ အဖြေရှာရန် ကြိုးပမ်းလာသည့် ထူးခြားသော သံတမန်ရေးရာ အလှည့်အပြောင်းတစ်ခု ဖြစ်ကြောင်း သံတမန်အသိုင်းအဝိုင်းက သုံးသပ်ထားကြသည်။