ကုလသမဂ္ဂတွင် တော်လှန်ရေးအင်အားစုများနှင့် မြန်မာပြည်သူများဘက်မှ ပြတ်ပြတ်သားသား ရပ်တည်နေသည့် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ရာထူးမှဖြုတ်ချနိုင်ရန်အတွက် စစ်အုပ်စု၏ လက်ဝေခံ လော်ဘီချန်နယ်များက စစ်တပ်ဖန်တီးထားသည့် လွှတ်တော်တုကို ခုတုံးလုပ်ကာ ဝါဒဖြန့်လှုံ့ဆော်မှုများ အရှိန်အဟုန်မြှင့် လုပ်ဆောင်လာကြသည်။
ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ တရားမဝင် လွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ အမတ်တုဖြစ်သူ ဒေါက်တာနန္ဒာလှမြင့်က ‘အာဆီယံဘုံသဘောတူညီချက် ၅ ချက်သည် မြန်မာ့ပကတိအခြေအနေနှင့် မကိုက်ညီသဖြင့် ပြန်လည်သုံးသပ်ပေးရန်’ စစ်ကော်မရှင်အစိုးရအား တိုက်တွန်းသည့်အဆိုကို တင်သွင်းခဲ့ပြီး ဇူလိုင် ၉ ရက်နေ့တွင် အတည်ပြုခဲ့သည်။
အဆိုပါ ဖြစ်စဉ်အပေါ် အခွင့်ကောင်းယူ၍ စစ်တပ်ထောက်ခံသည့် တယ်လီဂရမ် (Telegram) လော်ဘီချန်နယ်များက “လွှတ်တော်အသံသည် ပြည်သူ့အသံဖြစ်ပြီး၊ ပြည်သူ့ဆန္ဒကို ဖြည့်ဆည်းပေးရန် လွှတ်တော်တွင် တာဝန်ရှိသည်” ဟူသော စကားလုံးများကို အသုံးချကာ လာမည့် စက်တင်ဘာလတွင် ပြုလုပ်မည့် ကုလသမဂ္ဂ အရည်အချင်းစစ်ကော်မတီ (Credentials Committee) အစည်းအဝေးမတိုင်မီ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဖြုတ်ချရေးအဆိုအား လွှတ်တော်တုတွင် ထပ်မံတင်သွင်းရန် စစ်အုပ်စုထံ တွန်းအားပေး လမ်းခင်းလာကြခြင်း ဖြစ်သည်။
ထို့ပြင် စစ်လော်ဘီများသည် “ကုလသမဂ္ဂ Credentials Committee သို့ ပေးပို့ထားသည့် မြန်မာပြည်သူများ၏ မေးခွန်းများ” ခေါင်းစဉ်ဖြင့် စစ်ကော်မရှင်၏ နေ့စဉ်ထုတ် ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြထားသည့် မဟုတ်မမှန် စွပ်စွဲချက် ဆောင်းပါးများကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် ကော်မတီဝင်နိုင်ငံများထံ အီးမေးလ်မှတစ်ဆင့် ပေးပို့ထားကြောင်း ဝါဒဖြန့်ထားသည်။
၎င်းတို့ ပေးပို့ထားသည့်အချက်များတွင် သံအမတ်ကြီးကို ခန့်အပ်ခဲ့သည့် NLD အစိုးရသည် မဲလိမ်မှုကြောင့် ပြုတ်ကျခြင်းဖြစ်ကြောင်း၊ သံအမတ်ကြီးသည် နိုင်ငံ့ဝန်ထမ်းမဟုတ်ကြောင်း၊ NUG နှင့် PDF အဖွဲ့များကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် စွပ်စွဲချက်အပြင် သံရုံးပိုင်ငွေ ကန်ဒေါ်လာ ၂.၆ သန်း ခိုးယူထားသည်ဟူသော အခြေအမြစ်မရှိသည့် စွပ်စွဲချက် ၆ ချက်ဖြင့် သံအမတ်ကြီးကို ကုလသမဂ္ဂက ဖယ်ရှားပေးရန် တောင်းဆိုထားသည့် အချက်များ ပါဝင်သည်။
ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြု၍ အာဏာသိမ်းထားသည့် စစ်အုပ်စုက နိုင်ငံတကာမျက်နှာစာတွင် ၎င်းတို့၏ ကိုယ်စားလှယ်ကို ကုလသမဂ္ဂက အသိအမှတ်ပြုလာစေရန် ‘လွှတ်တော်အသံ၊ ပြည်သူ့အသံ’ ဟူသော ခေါင်းစဉ်ဖြင့် ပြည်တွင်း၌ ဇာတ်ညွှန်းခွဲကာ နိုင်ငံရေးကစားကွက် ရွှေ့ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
ယခုကဲ့သို့ စစ်တပ်ဖန်တီးထားသည့် လွှတ်တော်တုကိုပါ အသုံးချပြီး လက်ရဲဇက်ရဲ ဖိအားပေး ဇာတ်တိုက်လာခြင်းမှာ ကုလသမဂ္ဂတွင် မြန်မာပြည်သူများဘက်မှ ရပ်တည်နေသည့် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ အခန်းကဏ္ဍကို စစ်အုပ်စုဘက်က အလွန်အမင်း စိုးရိမ်ကြောက်လန့်နေခြင်းကို ပြသနေကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြထားကြသည်။
