ထိုင်းမှ ပြန်ပို့ခြင်းခံရသော မြန်မာများ စစ်မှုထမ်းထဲသို့ ရောက်

ဓာတ်ပုံ-ထိုင်းလဝက ပုံစာ- ရနောင်းမှ ကော့သောင်းသို့ မြန်မာများကို ပြန်ပို့နေပုံ။(ပုံဟောင်း)

By Ko Myo/ MPA

ထိုင်းနိုင်ငံ၊ရနောင်းမြို့မှ ပြန်လည်လွှဲပြောင်းပေးခံရသူများမှာ စစ်မှုထမ်းရန်အတွက် စစ်တပ်ထဲသို့ ရောက်သွားကြောင်း Myanmar Witness ကထုတ်ပြန်သည်။

Myanmar Witness က ထုတ်ပြန်လိုက်သော “မြန်မာနိုင်ငံရှိ စစ်မှုထမ်းရန် ဖိအားပေးစုဆောင်းမှု အခြေအနေများ – ဒေတာစိစစ်သုံးသပ်ချက်”တွင် အထက်ပါအတိုင်း ဖော်ပြထားသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၅ ခုနှစ် မေလအတွင်း အိမ်နီးချင်းနိုင်ငံများမှ မြန်မာနိုင်ငံသား ၃,၃၁၃ ဦးထက်မနည်း နေရပ်သို့ ပြန်လည်စေလွှတ်ခြင်း ခံခဲ့ရပြီး ၎င်းတို့အနက် ထိုင်းနိုင်ငံမှ ပြန်လည်စေ လွှတ်မှုသည် ၂,၅၀၀ ကျော် ရှိခဲ့ကြောင်း ဖြစ်စဉ်လေ့လာမှုများအရ နေရပ်ပြန်ပို့ခံရသူများသည် ၎င်းတို့၏ မိသားစုများထံ ပြန်လည်ရောက်ရှိခြင်း မရှိဘဲ စစ်တပ်၏ ထိန်းသိမ်းမှုအောက်သို့ တိုက် ရိုက်ရောက်ရှိသွားလေ့ရှိကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

“ထိုင်းကနေ ပြန်လွှဲတဲ့သူတွေကို ရနောင်းမြို့က ဟင်းခြံလှေဆိပ်လို့ခေါ်တယ်။အဲကနေ ကော့သောင်း မြို့က လှေဆိပ်ကို ပြန်ပို့တယ်။ဒီဘက်ရောက်တာနဲ့ ကော့သောင်းမြို့ပေါ်က မိုးလုံလေလုံခန်းမကို ခေါ်သွားတယ်။အဲမှာ အမျိုးသမီးနဲ့ သက်ကြီးပိုင်းယောကျာ်းတွေကို ဖယ်ပြီး ကျန်တဲ့သန်စွမ်းတဲ့ ယောကျာ်းလေးတွေကို ပြန်ရွေးနိုင်လားလို့ ညှိတယ်။အိမ်ကနေ ပြန်ရွေးနိုင်ရင် လွှတ်ပေးတယ်။ မ ရွေးနိုင်ရင် ခလရ၂၆၂ ထဲ ခေါ်သွားတယ်။အဲကနေ ပုလောကို ရေလမ်းနဲ့ စစ်မှုထမ်းသင်တန်းပို့တယ်။ အခုကျနော်ပြောတာက ဖော်မြူလာပဲ။အဲအတိုင်းလုပ်နေတာ”ဟု ကော့သောင်းမြို့တွင် အနေကြာပြီ ဖြစ်သော အမျိုးသားကြီးတစ်ဦးက MPA သို့ပြောသည်။

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်း၌ ထိန်းသိမ်းထားသော မြန်မာများကို ယခုနှစ်အတွင်း ကော့သောင်းသို့ ပြန်လည်လွှဲပို့မှုမှာ ၅၀၀ကျော် ရှိပြီဖြစ်ကြောင်း ရနောင်းလဝက စာရင်းအရ သိရသည်။

“ပြန်ပို့တာ အမျိုးသမီး နည်းနည်းနဲ့ ယောကျာ်းလေး အများဆုံးပဲ။ ကော့သောင်းအုပ်ကြီးတွေဆီက နေ ပြန်သိရသလောက် အသက်၄၀ကျော်၊၅၀လည်း ကျန်းမာရေးကောင်းတယ်။ပြန်မရွေးနိုင်ဘူးဆို ရင် စစ်မှုထမ်းပို့တာပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။

ပြန်ရွေးရာတွင် ကော့သောင်းဒေသခံဖြစ်ပါက ဘတ်ငွေပေးရပြီး ပြန်ရွေးခမှာ ကျပ်သိန်း၅၀ ဝန်းကျင်ရှိကြောင်း သိရသော်လည်း အတည်မပြုနိုင်ကြောင်း ၎င်းက ပြောသည်။

၂၀၂၅ ခုနှစ်အတွင်း ရနောင်းမှ ကော့သောင်းသို့ နေရပ်ပြန်ပို့ခံရသူ ၂၀၇၂ ဦးရှိပြီး၂၀၂၄ ခုနှစ်တွင် ၂၀၀၅ ဦးရှိကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၅ ခုနှစ် မေလအတွင်း မြန်မာနိုင်ငံသားများကို ပြန်လည်လွှဲပြောင်းမှုမှာ ထိုင်း ၈၄ဒဿမ၄ ရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ် ၈ဒဿမ၇ ရာခိုင်နှုန်း၊ မလေးရှား ၅ဒဿမ၈ရာခိုင်နှုန်း နှင့် အိန္ဒိယ ၁ဒဿမ၁ရာခိုင်နှုန်းရှိကြောင်း Myanmar Witness အစီရင်ခံစာက ဆိုသည်။