လာမည့်နှစ်မှ၍ ကိုယ်ပိုင်ကျောင်းများကို စစ်တပ်ပုံစံကဲ့သို့ ကြပ်မတ်ရန် စစ်တပ်ခန့်ပညာရေးဝန်ကြီး ညွှန်ကြားလာ

By MPA

လာမည့်ပညာသင်နှစ်မှစတင်၍ ပုဂ္ဂလိကနှင့် ကိုယ်ပိုင်ကျောင်းများကို စစ်တပ်ပုံကဲ့သို့ စံချိန်စံညွှန်းအသစ်များဖြင့် တင်းတင်းကျပ်ကျပ် ကြပ်မတ်သွားမည်ဖြစ်ကြောင်း စစ်တပ်ခန့် ပညာရေးဝန်ကြီး ဒေါက်တာချောချောစိန်က ပြောသည်။

ထိုအထဲ ကျောင်းသားများ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်လာစေရန် နိုင်ငံတော်သီချင်းနှင့် ဇာတိမာန်သီချင်းများကို မဖြစ်မနေ သီဆိုခိုင်းရန် ၎င်းက ညွှန်ကြားပြောဆိုသည်။

နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည့် ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့၊ နိုင်ငံတကာသင်ရိုးသင်ကျောင်းများနှင့် ပုဂ္ဂလိကကောလိပ် ကိုယ်စားလှယ်များ၏ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

၎င်း၏ ပြောကြားချက်အရ လက်ရှိကိုယ်ပိုင်ကျောင်းအချို့မှာ သတ်မှတ်စံနှုန်းများနှင့် မကိုက်ညီသဖြင့် လာမည့်နှစ်တွင် စာသင်ခန်းအရေအတွက်နှင့် ကျောင်းဧရိယာ အကျယ်အဝန်းများကို ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ပြီး၊ ကျောင်းသားဦးရေ ပိုမိုလက်ခံကာ နှစ်ချိန်စနစ် (Day/Night Shift) ဖြင့် သင်ကြားခြင်းမျိုးကို လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

ထို့ပြင် ပုဂ္ဂလိကကျောင်းများတွင် ပညာရပ်ဆိုင်ရာ ဘာသာရပ်များကိုသာ ဇောက်ချသင်ကြားနေခြင်းထက် စာရိတ္တ၊ ပြည်သူ့နီတိ၊ နိုင်ငံချစ်စိတ်နှင့် ယဉ်ကျေးမှုထိန်းသိမ်းရေး ဘာသာရပ်များကို လျှော့ချခြင်းမပြုဘဲ သင်ကြားရမည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် စစ်ကော်မရှင် ပညာရေးဝန်ကြီးဌာနသည် ပုဂ္ဂလိကကျောင်း ဆရာ၊ ဆရာမများ၏ အရည်အသွေးကို ထိန်းချုပ်ရန်အတွက် လာမည့်နှစ်မှစတင်ကာ ၉ လသင်တန်း တက်ရောက်ပြီးသူများကိုသာ ကျောင်းတွင် သင်ကြားပြသခွင့်လက်မှတ် (Green Card) ထုတ်ပေးသွားရန် စီစဉ်နေသည်။

ကျောင်းအပ်နှံမှုစာရင်းများကိုလည်း မြို့နယ်ပညာရေးမှူးရုံးများသို့ စည်းကမ်းချက်များနှင့်အညီ တိကျမှန်ကန်စွာ တင်ပြရမည်ဖြစ်ပြီး ကျောင်းလခသတ်မှတ်ခြင်းနှင့် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းများ၏ စည်းကမ်းချက်များကိုပါ အဆင့်ဆင့် ညွှန်ကြားချက်ထုတ်ပြန်၍ ထိန်းချုပ်သွားမည်ဖြစ်သည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ဝေဖန်ထောက်ပြသူများက တိုင်းပြည်၏ လွတ်လပ်သည့်ကဏ္ဍတစ်ခုဖြစ်သော ပုဂ္ဂလိကပညာရေးလောကကို စစ်အုပ်စုက ၎င်းတို့၏ အုပ်ချုပ်ရေးအာဏာအောက် သွတ်သွင်းရန်နှင့် မျိုးချစ်စိတ်ဟူသော ခေါင်းစဉ်အောက်မှ စစ်တပ်စတိုင် ဝါဒဖြန့်မှိုင်းတိုက်မှုများ ပြုလုပ်ရန် ကြိုးပမ်းလာခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။

ခေတ်မီကမ္ဘာ့ပညာရေးသင်ရိုးများနှင့် ရင်ပေါင်တန်းနိုင်ရန် ကြိုးစားနေသည့် ပုဂ္ဂလိကကျောင်းများကို တန်ဖိုးရှိသည့် ဖန်တီးမှု၊ တွေးခေါ်မှုများထက် ဇာတိမာန်သီချင်းများ အတင်းအကျပ် သီဆိုခိုင်းကာ စစ်အုပ်စု၏ ဝါဒဖြန့်ယန္တရားအောက် ဆွဲသွင်းနေခြင်းသည် တိုင်းပြည်၏ ပညာရေးစနစ်ကို ပိုမိုနိမ့်ကျသွားစေပြီး ကလေးငယ်များ၏ လွတ်လပ်စိမ်းလန်းသော အတွေးအခေါ်များကို ပိတ်ဆို့အဆိပ်ခတ်ရာ ရောက်နေကြောင်း ပညာရေးအသိုင်းအဝိုင်းက စိုးရိမ်ပူပန်လျက်ရှိသည်။