အုပ်ချုပ်ရေးသည် နေပြည်တော်တွင်မရှိတော့ဘဲ မြေပြင်အရှိတရားကို အသိအမှတ်ပြုရန် အာဆီယံနှင့်တွေ့ဆုံစဉ် SCEF သတိပေးခဲ့

By MPA

အုပ်ချုပ်ရေးသည် နေပြည်တော်တွင်မရှိတော့ဘဲ မြေပြင်အရှိတရားကို အသိအမှတ်ပြုရန် အာဆီယံနှင့်တွေ့ဆုံစဉ် SCEF သတိပေးခဲ့ကြောင်း ယနေ့ (ဇူလိုင် ၁၅ရက်)တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အဖွဲ့ဝင်အဖွဲ့ အစည်းများဖြစ်ကြသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီပြည်၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့သည် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ကြားချက်နှင့် ထိုင်းတော်ဝင်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သော တွေ့ဆုံဆွေးနွေးမှုများတွင် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုများတွင် SCEF အဖွဲ့ဝင်အဖွဲ့အစည်းများသည် စစ်အုပ်စု ကိုယ်စားလှယ်များနှင့်အတူတကွ ASEAN ကိုတွေ့ဆုံခဲ့ခြင်း မဟုတ်ဘဲ သီးသန့် ASEAN နှင့်သာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတွေ့ဆုံမှုများ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေ၊ ASEAN ဘုံသဘောတူညီချက် (၅) ချက် အကောင်အထည် ဖော်ရေး ကြိုးပမ်းမှုများနှင့် ယုံကြည်စိတ်ချရသော ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အတွက် မရှိမဖြစ် လိုအပ်သော အခြေအနေများအပေါ် အမြင်ချင်းဖလှယ်ရန် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

အထက်ပါတွေ့ဆုံဆွေးနွေးမှုများသည် SCEF နှင့် စစ်အာဏာရှင်များအကြား တရားဝင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ သို့မဟုတ် စေ့စပ်ညှိနှိုင်းမှု လုပ်ငန်းစဉ် စတင်ခြင်းဟု အဓိပ္ပါယ် မကောက်ယူသင့်ကြောင်း ဆိုသည်။

ဆွေးနွေးပွဲအတွင်း SCEF ကိုယ်စားလှယ်များက ASEAN ဘုံသဘောတူညီချက် (၅) ချက် အား ထုတ်ပြန်ကြေညာမှု သက်သက်မဟုတ်ဘဲ အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ ဘုံသဘောတူညီချက် (၅) ချက် ကို အကောင်အထည်ဖော်မှု တွင် သိသာထင်ရှားသော သို့မဟုတ် လက်တွေ့ကျသော တိုးတက်မှု မရှိသေးကြောင်း ASEAN ကိုယ်တိုင် က အသိအမှတ်ပြုထားပြီး၊ နိုင်ငံရေး အကျဉ်းသားများအား ချက်ခြင်းလွတ်ပေးခြင်း၊ အရပ်သားပြည်သူများအား အဓိပ္ပါယ်ပြည့်ဝသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရရှိနိုင်မှုနှင့် အကြမ်းဖက်မှုများလျော့ချရန် လက်တွေ့ကျသော ယန္တရားများ ပါဝင်ရမည်ဖြစ်ကာ အကောင်အထည်ဖော်မှုမပါရှိဘဲ ASEAN ဘုံသဘောတူညီချက် (၅) ချက်ကို အကြိမ်ကြိမ် ထပ်လောင်းအတည်ပြုခြင်းသက်သက်ဖြင့် မြေပြင်ရှိ အရှိတရားများကို မည်သည့် ပြောင်းလဲမှုမျှ ပြုလုပ်နိုင်မည် မဟုတ်ဟု ထောက်ပြခဲ့သည်။

ထို့ပြင် နိုင်ငံရေးအသွင်ကူးပြောင်းခြင်းသည် ရည်မှန်းချက်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးရေးသည် နည်းလမ်း ဖြစ်သော်လည်းSCEF သည် ရည်မှန်းချက်မပါသော တွေ့ဆုံဆွေးနွေးမှုသက်သက်ကို ယုံကြည်မှုမရှိကြောင်း၊ တွေ့ဆုံ ဆွေးနွေးရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာ့မဋိပက္ခကို ဖြစ်ပေါ်စေသော အကြောင်းရင်းများကို ဖြေရှင်း နိုင်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဦးတည်သည့် နိုင်ငံရေးအသွင်ကူးပြောင်းမှု အောင်မြင် စေရန်ဖြစ်ကာ၊ စစ်တပ်လွမ်းမိုးမှု၊ ဗဟိုချုပ်ကိုင်မှုအားကြီးသော အာဏာရှင်စနစ်နှင့် အရင်းခံ နိုင်ငံရေးအကျပ်အတည်းတို့ကို ချန်ထားပြီး အကြမ်းဖက်မှုကိုလျော့ချရုံသက်သက်သာ ရည်ရွယ်သော တွေ့ဆုံဆွေးနွေးမှုသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေး နိုင်မည် မဟုတ်ဟု အာဆီယံကို ထောက်ပြခဲ့သည်။

ယင်းအပြင် အဓိပ္ပါယ်ပြည့်ဝသော တွေ့ဆုံဆွေးနွေးပွဲအတွက် စစ်အာဏာရှင်များသည် ယခုချိန်ထိ နိုင်ငံရေး စိတ်ဆန္ဒပြသခြင်းမရှိကြောင်း၊ စစ်အုပ်စု၏ လူသိရှင်ကြား တွေ့ဆုံဆွေးနွေးရေးအတွက် ဖိတ်ခေါ်မှုတွင် ၎င်းတို့ကိုယ်တိုင် နိုင်ငံရေးစေ့စပ်ညှိနှိုင်းမှုအတွက် စစ်မှန်သော ကတိကဝတ် သက်သေမရှိသည့်အပြင် နိုင်ငံရေးစိတ်ဆန္ဒသည် လက်တွေ့လုပ်ဆောင်ချက်များဖြင့် ပြသရမည်ဖြစ်ကာ၊ နိုင်ငံရေးစိတ်ဆန္ဒကို သက်သေပြသရမည့် တာဝန်မှာ မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များဖြစ်သည်။

ထိုတာဝန်များကို တော်လှန်ရေး အင်အားစုများ သို့မဟုတ် အခြားနိုင်ငံရေးပါဝင်ပတ်သက်သူများကို လွှဲချ၍ မရဘဲ၊ အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအတွက် ယုံကြည်မှုလိုအပ်ပြီး ယုံကြည်မှုအတွက် လက်တွေ့ကျသော ဆောင်ရွက်ချက်များ လိုအပ်သည်ဟု SCEFက ဆိုသည်။

အနည်းဆုံးအားဖြင့် အရပ်သားများနှင့် အရပ်သားအခြေခံအဆောက်အအုံများအပေါ် ခွဲခြားခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်နေမှုများ ချက်ခြင်း အဆုံးသတ်ခြင်း၊ ဆေးရုံများ၊ ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများနှင့် အခြားအရပ်သား ပစ်မှတ်များကို တိုက်ခိုက်မှုများ ရပ်စဲခြင်း၊ နိုင်ငံရေးအကျဉ်းသားများ ချက်ခြင်းလွတ်ပေးခြင်း၊လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထိခိုက်ခံစားရသူများဆီသို့ သေချာစွာ ရောက်ရှိခြင်း၊ နိုင်ငံရေးဖြေရှင်းမှုအတွက် စစ်မှန်သောကတိကဝတ်ဖြင့် ဖော်ပြနိုင်သော ယုံကြည်မှု တည်ဆောက်ရေး အစီအစဉ်များ ပြသနိုင်ခြင်းနှင့် အရပ်သားများအပေါ် ကန့်သတ်ချက်မထားဘဲ တိုက်ခိုက်နေပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို ဖိတ်ခေါ်ခြင်းသည် အဓိပ္ပါယ်ပြည့်ဝသော တွေ့ဆုံနွေးနွေးမှု မဖြစ်နိုင်ဟု SCEFက ထောက်ပြခဲ့သည်။

ဆက်လက်ပြီး ယနေ့မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာဘဲ သီးသန့် မရှိတော့ဘဲ၊ တိုင်းပြည်၏ နေရာအများအပြားတွင် အုပ်ချုပ်ရေးကို ပြည်နယ်/ယူနစ်အခြေခံဖြင့် ဆောင်ရွက်နေကြသလို ဒေသကိုယ်စားပြုအာဏာပိုင်များက နယ်မြေအတွင်းအုပ်ချုပ်ရေး၊ ပြည်သူ့လုံခြုံရေး၊ တရားစီရင်ရေး၊ ပြည်သူ့ဝန်ဆောင်မှုများနှင့် ၎င်းတို့သက်ဆိုင်ရာပြည်သူများ၏ နိုင်ငံရေးဆန္ဒများကို ကိုယ်စားပြု၍ ဆောင်ရွက်နေကြကြောင်း၊ ထိုပကတိအရှိတရားများက တိုင်းပြည်၏ နိုင်ငံရေးအခင်းအကျင်းကို အခြေခံအားဖြင့် ပြောင်းလဲသွားပြီဖြစ်သည်။

မည့်သည့် ယုံကြည်စိတ်ချရသော ငြိမ်းချမ်းရေးဖြစ်စဉ်မဆို အဆိုပါ တရားဝင်နိုင်ငံရေးအာဏာပိုင်များကို အသိအမှတ်ပြု ပြီး ထိတွေ့ဆက်ဆံမှုပြုရမည် ဖြစ်ကာ၊ ယခင်ယူဆချက်များကို အခြေခံ၍တည်ဆောက်သော နိုင်ငံရေးအစီအမံများသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်မည် မဟုတ်ဘဲ၊ အချိန်မတန်မီ နိုင်ငံရေးပုံမှန်ပြန်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်မှုသည် လက်ရှိကွဲပြားနေသော နိုင်ငံရေးအခြေအနေများကို ပို၍ ဆိုးဝါးစေမည် ဖြစ်သည်ဟု အာဆီယံကို SCEFက သတိပေးခဲ့သည်။

ထို့ပြင် လက်ရှိ မြန်မာနိုင်ငံသည် တရားဝင် နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုများ စတင်နိုင်သည့် အဆင့်သို့ မရောက်သေးကြောင်း SCEF ၏ အကဲဖြတ် သုံးသပ်ချက်ကိုလည်း ယခုအစည်းအဝေးများက ထပ်လောင်းအတည်ပြုနေကြောင်း၊ လက်ရှိချက်ခြင်း ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်မှာ နိုင်ငံရေးဆိုင်ရာကြိုတင်ပြင်ဆင်မှု ဖြစ်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေး stakeholders များသည် မြန်မာနိုင်ငံသားများ ပိုင်ဆိုင်သည့် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်၏ ရည်ရွယ်ချက်များ၊ အခြေခံမူများ၊ ပါဝင်မှု၊ ဖွဲ့စည်း တည်ဆောက်ပုံ၊ အဆင့်လိုက်စီစဉ်ဆောင်ရွက်မှု၊ အကောင်အထည်ဖော်မှုနှင့် အာမခံချက်များအပေါ် ဘုံနိုင်ငံရေး နားလည်မှုကို ဦးစွာတည်ဆောက်ရမည်ဟု ဆိုသည်။

ဆက်လက်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဖက်များသည် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို အထောက်အကူ ပြုရန်နှင့် ငြိမ်းချမ်းရေးကို ကူညီပံ့ပိုးရန် အရေးပါသော အခန်းကဏ္ဍတွင်ရှိသော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအသွင်ကူးပြောင်းရေး၏ ဦးတည်ရာ၊ အရှိန်၊ ဖွဲ့စည်းတည်ဆောက်ပုံနှင့် နိုင်ငံရေး ရလဒ်များကို ဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်း၊ ထိုဆုံးဖြတ်ချက်များသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး stakeholder များက ပိုင်ဆိုင်သည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

သို့ရာတွင် နိုင်ငံရေးအခြေအနေများ မပြည့်စုံမီ ပြင်ပမှ လုပ်ငန်းစဉ်ကို အလျင်အမြန် တွန်းအားပေးခြင်း သို့မဟုတ် ရလဒ်များကို ကြိုတင် သတ်မှတ်ခြင်းတို့ မပြုလုပ်သင့်ကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် မြန်မာနိုင်ငံသားများ ပိုင်ဆိုင်သော၊ မြန်မာနိုင်ငံသားများ ဦးဆောင်သော၊ မြန်မာနိုင်ငံသားများ ကြိုတင်ပြင်ဆင်ထားသော လုပ်ငန်းစဉ် အဖြစ် ပေါ်ထွက်လာရမည် ဖြစ်သည်ဟု SCEFက ထောက်ပြထားသည်။

SCEF သည် နိုင်ငံရေးအဖြေရှာရန် စေ့စပ်ညှိနှိုင်းမှုကို ဆက်လက်လက်ခံသော်လည်း ၎င်းသည် ပန်းတိုင်မဟုတ်သလို ရည်မှန်းချက်သည်လည်း နိုင်ငံရေးပုံမှန်ပြန်ဖြစ်ရေး မဟုတ်ကြောင်း၊ မိမိတို့၏ အဓိကရည်မှန်းချက်မှာ စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်ပြီး ပဋိပက္ခ၏ အရင်းခံအကြောင်းရင်းများကို ဖြေရှင်းကာ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒီမိုကရေစီနည်းကျ ပါဝင်မှု၊ တရားဥပဒေစိုးမိုးရေးနှင့် အရပ်သားအစိုးရအုပ်ချုပ်မှုတို့အပေါ် အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်မည့် နိုင်ငံရေးအသွင်ကူးပြောင်းရေး ဖြစ်သည့်အတွက် အသွင်ကူးပြောင်းရေးအတွက် လိုအပ်သော အခြေအနေများ ပြင်ဆင်နိုင်ရန် မြန်မာ့နိုင်ငံရေး Stakeholders များ၊ နိုင်ငံတကာမိတ်ဖက်များနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ကတိပြုထားသည်။