နျူကလီးယားဗုံး ထုတ်မည်မဟုတ်ကြောင်း အီရန်သမ္မတ ကတိပြု

ဓာတ်ပုံ-- Reuters
ပုံစာ-- တီဟီရန်မြို့၏ တောင်ဘက် ၂၁၁ မိုင် အကွာ Isfahan မြို့ရှိ အီရန် ယူရေနီယမ် စီမံထုတ်လုပ်ရေး စက်ရုံ

အီရန်အနေဖြင့် နျူကလီးယားဗုံး ထုတ်လုပ်ရန် လုံးဝကြိုးပမ်းမည်မဟုတ်ကြောင်း သမ္မတ မာဆူးဒ် ပီဇက်ရှ်ကီယန်က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စက်တင်ဘာ ၂၄ ရက်က ပြောကြားသည်။

ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီ (E3 ) အဖွဲ့က အီရန်အပေါ် ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများ ပြန်လည်ကျင့်သုံးနိုင်ရန် စတင်ခဲ့သည့် ရက် ၃၀ လုပ်ငန်းစဉ်သည် စက်တင်ဘာ ၂၇ ရက် နောက်ဆုံးရက်သို့ ချဉ်းကပ်လာချိန်တွင် ပိတ်ဆို့အရေးယူမှုများကို ရှောင်ရှားနိုင်ရန် သံတမန်ရေးရာ ကြိုးပမ်းမှုများ ပြုလုပ်နေချိန်တွင် သမ္မတ မာဆူးဒ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

E3 အဖွဲ့ဟု လူသိများသော ဥရောပအင်အားကြီး နိုင်ငံသုံးနိုင်ငံက အီရန်အနေဖြင့် နျူကလီးယားလက်နက်များ မထုတ်လုပ်နိုင်စေရန် ရည်ရွယ်သည့် ၂၀၁၅ ခုနှစ်က ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် သဘောတူညီချက်ကို လိုက်နာရန် ပျက်ကွက်နေသည်ဟု စွပ်စွဲထားသည်။

အီရန်သည် ကုလသမဂ္ဂ နျူကလီးယားစစ်ဆေးရေးမှူးများ ဝင်ရောက်ခွင့်ကို ပြန်လည်ခွင့်ပြုခြင်း၊ ယူရေနီယမ်ကြွယ်ဝမှု သိုလှောင်ထားခြင်းဆိုင်ရာ စိုးရိမ်မှုများကို ဖြေရှင်းခြင်း နှင့် အမေရိကန်နှင့် ဆွေးနွေးမှုများတွင် ပါဝင်မည်ဆိုပါက ၎င်းတို့အနေဖြင့် ပိတ်ဆို့အရေးယူမှုများ ပြန်လည်ချမှတ်ခြင်းကို ၆လအထိ ဆိုင်းငံ့ပေးမည်ဟု E3 က ပြောကြားခဲ့သည်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ကုလသမဂ္ဂ၌ ပီဇက်ရှ်ကီယန်နှင့် တွေ့ဆုံပြီးနောက် “သဘောတူညီချက်တစ်ခု ရရှိနိုင်ပါသေးတယ်၊ အချိန်အနည်းငယ်ပဲ ကျန်တော့တယ်၊ ပြဿနာများကို တုံ့ပြန်ဖို့က အီရန်အပေါ်မှာ မူတည်တယ်” ဟု X တွင် ရေးသားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်၏ ၂၀၁၈ ခုနှစ်တွင် နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်ခဲ့မှုနှင့် ဇွန်လက အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းတို့ကို အီရန်က ယခင် ကတိကဝတ်များမှ လျှော့ချခဲ့ရသည့် အကြောင်းရင်းများအဖြစ် ထောက်ပြခဲ့သည်။

ပီဇက်ရှ်ကီယန်က ဥရောပနိုင်ငံများအပေါ် သစ္စာမရှိမှုဖြင့် စွပ်စွဲခဲ့ပြီး အီရန်၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းသည် ထရမ့် နျူကလီးယားသဘောတူညီချက် (တရားဝင်အားဖြင့် JCPOA ဟု လူသိများသည်) မှ နုတ်ထွက်ခဲ့ခြင်းကို တုံ့ပြန်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ပီဇက်ရှ်ကီယန်က “သူတို့ဟာ သူတို့ကိုယ်သူတို့ သဘောတူညီချက်ရဲ့ သစ္စာရှိတဲ့ အဖွဲ့ဝင်တွေအဖြစ် လိမ်လည်တင်ပြခဲ့ပြီး အီရန်ရဲ့ စိတ်ရင်းမှန်နဲ့ ကြိုးပမ်းမှုတွေကို မလုံလောက်ဘူးလို့ အထင်အမြင်သေး ရှုတ်ချခဲ့ကြတယ်” ဟု ဆိုသည်။

ကုလသမဂ္ဂမိန့်ခွန်းတွင် ပီဇက်ရှ်ကီယန်က E3 သည် “အမေရိကန်၏ အမိန့်အရ” ဆောင်ရွက်နေသည်ဟု ဆက်လက်စွပ်စွဲခဲ့သည်။

“ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် သူတို့ဟာ သစ္စာတရားကို ဘေးဖယ်ထားခဲ့ကြတယ်။ ဥပဒေရေးရာ တာဝန်ဝတ္တရားတွေကို ရှောင်ကွင်းခဲ့ကြတယ်။ သူတို့ဟာ အမေရိကန်ရဲ့ JCPOA ကနေ နုတ်ထွက်မှုနဲ့ ဥရောပရဲ့ ချိုးဖောက်မှုနှင့် အခြား မစွမ်းဆောင်နိုင်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အီရန်က လုပ်ဆောင်ခဲ့တဲ့ တရားဝင် ပြန်လည်ကုစားရေး ဆောင်ရွက်ချက်တွေကို ကြီးလေးတဲ့ ချိုးဖောက်မှုအဖြစ် ပုံဖော်ဖို့ ကြိုးစားခဲ့ကြတယ်” ဟု ၎င်းက ညီလာခံတွင် ပြောကြားခဲ့သည်။

အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အာယတိုလာ အလီ ခါမေနီ၏ ကြိုတင်ရိုက်ကူးထားသည့် မိန့်ခွန်းတွင် တီဟီရန်သည် နျူကလီးယားလက်နက်များ ထုတ်လုပ်ရန် ကြိုးပမ်းနေခြင်း မဟုတ်ကြောင်း ထပ်လောင်းပြောကြားခဲ့သော်လည်း အမေရိကန်နှင့် ဆွေးနွေးမှုကို ပယ်ချခဲ့ပြီး “ဒါက ညှိနှိုင်းမှု မဟုတ်ဘူး။ ဒါဟာ အာဏာနဲ့ အမိန့်ပေးတာ၊ အတင်းအကျပ် ပြုလုပ်တာ” ဟု ဆိုသည်။

ပိတ်ဆို့အရေးယူမှု အသစ်များကြောင့် ပြည်ပရှိ အီရန်ပိုင်ဆိုင်မှုများကို ထိန်းသိမ်းခြင်း၊ တီဟီရန်နှင့် လက်နက်အရောင်းအဝယ်များ ရပ်ဆိုင်းသွားခြင်း နှင့် ပဲ့ထိန်းဒုံးကျည်အစီအစဉ် ဖွံ့ဖြိုးတိုးတက်မှုကို အပြစ်ပေးခံရခြင်း စသည့် အစီအမံများ ဖြစ်ပေါ်လာမည်ဖြစ်သည်။

၁၂ ရက်ကြာ စစ်ပွဲကို စတင်စေခဲ့သည့် အစ္စရေးနှင့် အမေရိကန်တို့၏ ရုတ်တရက် တိုက်ခိုက်မှုများကို ပီဇက်ရှ်ကီယန်က ရှုတ်ချ ခဲ့သည်။

အဆိုပါ စစ်ပွဲတွင် အီရန်၏ စစ်ဘက်ဆိုင်ရာ အကြီးတန်းပုဂ္ဂိုလ်များစွာ ကျဆုံးခဲ့ရပြီး နိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်လည်း အားနည်းသွားခဲ့သည်။

အစ္စရေးက လေကြောင်းတိုက်ခိုက်မှုများ စတင်ပြုလုပ်ပြီး တီဟီရန်၏ အချုပ်အခြာအာဏာကို ချိုးဖောက်ခဲ့ရာတွင် အီရန်နိုင်ငံသား ၁,၀၀၀ ကျော် သေဆုံးခဲ့ရပြီး၊ အစ္စရေးက ၎င်း၏ လုပ်ရပ်ကို အီရန်၏ နျူကလီးယားအစီအစဉ်ကို ပစ်မှတ်ထားသည့် “မိမိကိုယ်ကိုယ် ကာကွယ်ရန်” ကြိုတင်တိုက်ခိုက်မှုအဖြစ် ကြွေးကြော်ခဲ့သည်။

အစ္စရေးသည် လက်ဘနွန်၊ ဆီးရီးယား၊ ယီမင်နှင့် ကာတာအပါအဝင် နိုင်ငံပေါင်းများစွာကို တိုက်ခိုက်ခဲ့သည့်အတွက် အိမ်နီးချင်း အာရပ်နိုင်ငံများ၏ အချုပ်အခြာအာဏာကို လျစ်လျူရှုသည်ဟု စွပ်စွဲခံနေရသည်။

အီရန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများသည် မကြာသေးမီနှစ်များအတွင်း အကြီးဆုံး စစ်ရေးထိုးစစ်ဖြစ်ပြီး အီရန်ဘက်မှ လက်တုံ့ပြန်မှုများ ဖြစ်ပေါ်စေခဲ့သည်။