၂၀၂၆ ပထမနှစ်ဝက်အတွင်း ရန်ကုန် လမ်းများပေါ် ရှိနေစဉ် ဖမ်းဆီးခံရသူ ၂၁၁ဦးရှိကြောင်း Rangoon Scout Network- RSN က သတင်းထုတ်ပြန်သည်။
ကားလမ်းမပေါ် လမ်းလျှောက်သွားလာနေစဉ်၊ ကားမှတ်တိုင်၊ ကုန်းတံတားအောက်၊ ဘီယာဆိုင်၊ လမ်းဘေးစားသောက်ဆိုင်၊ ဘူတာ၊ ဘောလုံးကွင်း၊ ရေကန်၊ နေအိမ်နှင့်ဂိုထောင်ရှေ့၊ လမ်းထိပ် အုတ်ခုံ စသည့်နေရာများ၌ ထိုင်နေစဉ်နှင့် အိပ်နေစဉ် စစ်အုပ်စုဝင်တို့က ဖမ်းဆွဲခြင်းဖြစ်ကြောင်း သိရသည်။
ယင်း ၂၁၁ဦးအနက် အယောက်၆၀ ပြန်လွတ်လာသည်ဟု သိရပြီး ပြန်မလွတ်သူ ၃၀နှင့် ကျန်၁၂၁ဦး ၏ နောက်ဆက်တွဲအခြေအနေကိုမူ မသိရသေးကြောင်း RSN က ဆိုသည်။
လမ်းမပေါ် လိုက်လံပေါ်တာဆွဲသူတို့မှာ စစ်ယူနီဖောင်းဝတ်၊ ရဲယူနီဖောင်းဝတ်နှင့် အရပ်ဝတ် တို့ဖြစ်ပြီး စစ်ကား၊ ရဲကား၊ အရပ်ကား၊ ဆိုင်ကယ် တို့အပြင် လူနာတင်ယာဉ်နှင့် ကျောင်းကားများပါ အသုံးပြုကာ လိုက်ဆွဲခဲ့ကြကြောင်း သိရသည်။
“အဓိကကတော့ စစ်မှုထမ်းလူပြည့်ဖို့ပဲကိုး။ ဘယ်လိုနည်းနဲ့ ရရ ဆိုတော့။ ပြီးတော့ ပေါ်တာဆွဲတဲ့သူ တွေကို ဝိုင်းဖမ်းတာမျိုး မရှိဘူး။ ငွေလည်း လူတစ်ယောက်ဖမ်းမိရင်ကို လက်ဖျား ငွေသီးနေတော့ လမ်းမပေါ် လူဆွဲတာတွေက ဆက်ရှိနေဦးမှာပဲ။ ကိုယ့်ဘာသာ အန္တရာယ်မဖြစ်အောင် နေတတ်ဖို့က လူငယ်တွေရော မိဘတွေရော သတိကြီးကြီးထားဖို့ အရေးကြီးတယ်”ဟု ရန်ကုန်မြို့ရဲသတင်းရင်းမြစ် က MPAသို့ ပြောသည်။
၂၀၂၆ခုနှစ်၊ဇန်နဝါရီမှ ဇွန်လအထိ ၆လတာအတွင်း စစ်မှုထမ်းစာရင်းဖြင့် နေအိမ်ထဲထိ ရှာဖွေ ဖမ်း ဆီးခံရသူ ၄၆ ဦး၏ဖြစ်စဉ်ကိုလည်း သိရှိခဲ့ကြောင်း RSN က ထုတ်ပြန်သည်။
ပထမနှစ်ဝက်ထဲတွင် ရန်ကုန်တိုင်း၌ စစ်တပ်၏ မတရားဖမ်းဆီးခြင်းခံရသူ စုစုပေါင်း ၄၁၃ဦး၏ ဖြစ် စဉ်ကို သိရှိခဲ့ပြီး ယင်းအနက် ၁၀၂ဦး ပြန်လွတ်လာကာ ၈၈ဦးအား စစ်မှုထမ်းသင်တန်းကျောင်းနှင့် ထောင်ထဲသို့ ပို့ဆောင်ခဲ့ကြောင်း ကျန် ၂၂၃ဦး၏ ဖမ်းဆီးခံရပြီး နောက်ဆက်တွဲအခြေအနေကိုမူ မသိရှိရသေး ကြောင်း RSN က ထုတ်ပြန်ထားသည်။
ဖမ်းဆီးခဲ့သည့် မြို့များမှာ သာကေတ၊ လှိုင်၊ တောင်ဒဂုံ၊ ဗဟန်း၊ တာမွေ၊ လှိုင်သာယာ၊ မြောက်ဥ က္ကလာ၊ မြောက်ဒဂုံ၊ တောင်ဥက္ကလာ၊ စမ်းချောင်း၊ ရွှေပြည်သာ၊ မရမ်းကုန်း၊ လှည်းကူး၊ မင်္ဂလာ တောင်ညွန့်၊ သင်္ဃန်းကျွန်း၊ အရှေ့ဒဂုံ၊ အင်းစိန်၊ ကြည့်မြင်တိုင်၊ ကမာရွတ်၊ သန်လျင်၊ ကျောက်တံ တား၊ ခရမ်း၊ ပန်းဘဲတန်း၊ လမ်းမတော်၊ ဒဂုံဆိပ်ကမ်း၊ ဒလ၊ မင်္ဂလာဒုံနှင့် အလုံမြို့နယ်တို့ဖြစ်သည်။
