မန္တလေးမြို့ လမ်းပေါ်ရှိ မြောင်းအဖုံးကိုပင် မင်းအောင်လှိုင် လက်ပါးစေတပ် မကာကွယ်နိုင်

မန္တလေးမြို့ လမ်းမများပေါ်ရှိ မြောင်းအဖုံးကိုပင် မင်းအောင်လှိုင်လက်ပါးစေတပ်က ကာကွယ်စောင့် ရှောက်နိုင်စွမ်းမရှိကြောင်း ဒေသခံ လူမှုကူညီရေးသမားတစ်ဦးက ဆိုသည်။

မန္တလေးမြို့ နေရာအချို့တွင် မြောင်းအဖုံးများ ခိုးယူခံနေရပြီး ပြည်သူများအနေနှင့် ခိုးယူနေခြင်းကို သိရှိပါက သတင်းပေးပို့ကြရန် အစိုးရတုလက်အောက်ခံ မန္တလေးမြို့တော်စည်ပင်က မေတ္တာရပ်ခံ ထားသည်။

“မန္တလေးမှာ စစ်သားနဲ့ ရဲတွေရော ပျူတွေရော လူဖမ်းတဲ့နေရာမှာ ဒီလောက် လက်စောင်းထက်နေ တာ မြောင်းအဖုံးခိုးတာကျတော့ ဘာလို့ ဖမ်းမမိရတာတုန်း”ဟု ဒေသခံလူမှုကူညီရေးသမားက MPA မှတစ်ဆင့် မေးခွန်းထုတ်လိုက်သည်။

လမ်းမပေါ်ရှိ မြောင်းအဖုံးကို ညဘက်ကျမှသာ ခိုးယူနိုင်ပြီး မန္တလေးမြို့တွင် ညအချိန်၌ စစ်သား၊ရဲ၊ ပျူစောထီးနှင့် လမ်းဘေးခွေးများသာ လမ်းမပေါ်၌ ရှိကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့ မန္တလေးမှာ လူဖမ်းတာရော လုယက်တာတွေရော ပေါလွန်းလို့ ညနေစောင်းရင်ကို သာ မန်ပြည်သူတွေ အပြင်မထွက်ရဲတော့ဘူး။မြောင်းအဖုံးကို ညကျမှသာ ခိုးလို့ရမယ်။ညဘက်က စခ တွေပဲ အပြင်မှာရှိတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ဇူလိုင်၂၀ရက်၊ညနေ ၃နာရီခန့်ကလည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ မီလျံနာရွှေဆိုင် ကို ဓားပြဝင်တိုက်ခဲ့ရာ ရွှေတစ်ပိဿာခန့် ပါသွားသေးသည်။

မန္တလေးမြို့တွင် ရွှေဆိုင်ဓားပြတိုက်မှုများ မကြာခဏဖြစ်ပွားနေပြီး ဓားပြတိုက်သူများမှာ စစ်တပ် လက်ပါးစေ ပျူစောထီးများဖြစ်ကြောင်း ဒေသခံတို့က ယူဆကြသည်။