မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း စစ်အုပ်စုက လေကြောင်းဗုံးကြဲမှုများနှင့် စစ်ကြောင်းထိုးမှုများ ဆက်တိုက် ပြုလုပ်နေသဖြင့် ရေစကြိုမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စခန်းအချို့နှင့် စစ်ရှောင်စခန်းများ လေကြောင်းမှ ဗုံးထိမှန်ကာ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း မြေပြင်ရဲဘော်များထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက် နေ့လယ် ၃ နာရီခွဲခန့်က ရေစကြိုမြို့နယ်အတွင်းရှိ Southern YSO PDF (မကွေးဖတ်ဒရယ်ယူနစ် စစ်ကြောင်း ၃) ၏ ကိုအောင်မောင်းစခန်းကို စစ်အုပ်စုက တိုက်ခိုက်ရေး လေယာဉ် ၄ စင်း၊ Mi-35 တိုက်ခိုက်ရေး ဟယ်လီကော်ပတာ ၁ စင်းတို့ဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် စခန်းအတွင်း ပျက်စီးဆုံးရှုံးမှု ကြီးမားစွာ ဖြစ်ပေါ်ခဲ့ကြောင်း Southern YSO PDF အဖွဲ့ တာဝန်ရှိသူတစ်ဦးက MPA သတင်းဌာနသို့ ပြောသည်။
“ကျနော်တို့ စခန်းတွေကတော့ ပျက်စီးဆုံးရှုံးမှုက များတာပေါ့နော်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုသည် စစ်ဘေးရှောင် ပြည်သူများ ခိုလှုံနေထိုင်သည့် စာသင်ကျောင်းပေါ်သို့လည်း ကျရောက်ခဲ့သဖြင့် စာသင်ကျောင်း ဆောင် ၂ ဆောင် အလုံးစုံ ပျက်စီးသွားခဲ့ကြောင်း သိရသည်။
“စာသင်ကျောင်း ၂ ဆောင် ပျက်စီးသွားတယ်။ စစ်ရှောင် တစ်ရာကျော် ဘေးကင်းခဲ့တယ်၊ ကံကောင်းခဲ့ပါတယ်” ဟု Southern YSO PDF တာဝန်ရှိသူက အခြေအနေကို ထပ်မံ ရှင်းပြသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် စခန်းများနှင့် အသုံးအဆောင်ပစ္စည်းများကို ပြန်လည်ထူထောင်နိုင်ရန်အတွက် မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှ ဝိုင်းဝန်းထောက်ပံ့ပေးကြရန် Southern YSO PDF အဖွဲ့က ဇူလိုင် ၂၃ ရက် နံနက်ပိုင်းတွင် မေတ္တာရပ်ခံချက် ထုတ်ပြန်ထားသည်။
လေကြောင်းတိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ရသော်လည်း တော်လှန်ရေး စိတ်ဓာတ် ပျက်ပြားသွားခြင်းမရှိဘဲ ဆက်လက် ရပ်တည်နိုင်ရေး ကြိုးပမ်းသွားမည်ဟု ဆိုသည်။
လက်ရှိတွင် ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်ချက်များစွာ ရှိနေသဖြင့် ပြည်သူများအနေဖြင့် တစ်ထောင်ကျပ်၊ တစ်သောင်းကျပ်မှစ၍ နိုင်ရာ အင်အားဖြင့် ပါဝင်ကူညီပေးကြရန်လည်း အဆိုပါအဖွဲ့က လေးစားစွာ မေတ္တာရပ်ခံထားသည်။
ပြီးခဲ့သည့် ဇွန်လ ၂၃ က မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်တပ်၏ Mi-17 စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့များက FPV ဒရုန်းဖြင့် တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ပြီးနောက် ပခုက္ကူခရိုင်အတွင်းရှိ တော်လှန်ရေးစိုးမိုးနယ်မြေများကို စစ်အုပ်စုက လေကြောင်းနှင့် စစ်ကြောင်းထိုးမှုများ ပိုမိုလုပ်ဆောင်လာခဲ့သည်ဟု ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။
