မူးယစ်ဆေးဝါးဖမ်းဆီးမှုမှာ သက်သေခံပစ္စည်းဘေး ဝင်ထိုင်ခဲ့သည့် ကြောင် ရဲအရာရှိအဖြစ် ရာထူးတိုးခံရ

မူးယစ်ဆေးဝါး ဖမ်းဆီးမှုတစ်ခုတွင် သက်သေတစ်ဦးအဖြစ် လူမှုကွန်ရက်ပေါ်တွင် နာမည်ကြီးခဲ့သည့် လိမ္မော်ရောင်ကြောင်လေးသည် ယခုအခါ ရဲအရာရှိတစ်ဦးအဖြစ် ရာထူးတိုးမြှင့်ခံရကြောင်း ဟာသနှောဖော်ပြချက်နှင့်အတူ ပြန်လည်ပေါ်ထွက်လာခဲ့သည်။

အဆိုပါအခြေအနေကို ထိုင်းနိုင်ငံ နခွန်သီတမ္မာရတ်ရဲစခန်း၏ ဒေသတွင်း ဖမ်းဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာက မျှဝေခဲ့ခြင်းဖြစ်ပြီး “ဒီနေ့တော့ သက်သေတစ်ယောက်အနေနဲ့ မဟုတ်ဘဲ အရာရှိတစ်ယောက်အနေနဲ့ ရောက်လာတာပါ” ဟူသော စာသားနှင့်အတူ ဓာတ်ပုံကို တင်ထားခဲ့သည်။

ပုံထဲတွင် ကြောင်လေးသည် စပိန်နိုင်ငံ လက်ရွေးစင်ဘောလုံးအသင်းဂျာစီကို ဝတ်ဆင်ကာ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ကင်းလှည့်နေသကဲ့သို့ ဘေးချင်းယှဉ်ထိုင်နေသည်ကို တွေ့ရသည်။

ကြောင်လေးသည် ဇူလိုင်လ ၁၆ ရက်နေ့က နခွန်သီတမ္မာရတ်ရဲစခန်း၏ လိုက်လံဖမ်းဆီးရေးတပ်ဖွဲ့က သံသယရှိသူတစ်ဦးကို နေအိမ်တွင် မူးယစ်ဆေးဝါးဖြင့် ဖမ်းဆီးစဥ်ကတည်းက နာမည်ကြီးလာခဲ့ခြင်း ဖြစ်သည်။

ထိုစဥ်က ဖမ်းဆီးသည့်ပုံတွင် ကြောင်လေးသည် သံသယရှိသူနှင့် သိမ်းဆည်းရမိသော သက်သေခံပစ္စည်းများဘေးသို့ လျှောက်လာကာ ဝင်ထိုင်ခဲ့သဖြင့် သက်သေခံပစ္စည်းတစ်ပုံ၊ သက်သေတစ်ကောင် ဟု စာမျက်နှာက ရေးသားဖော်ပြခဲ့ရာမှ ကျော်ကြားသွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိ အဖြစ်အပျက်ကို တင်ပြလာပြီးနောက် အင်တာနက်သုံးစွဲသူများက “သူငယ်ချင်းရဲ့အမှုကို ဖြေရှင်းပေးလို့ ရာထူးတိုးတာမဟုတ်ဘဲ သူ့အရှင်သခင်ရဲ့အမှုကို ဖြေရှင်းပေးလို့ ရာထူးတိုးတာ” နှင့် “သက်သေကနေ အပြည့်အဝ တာဝန်ထမ်းဆောင်တဲ့ အရာရှိအဖြစ်သို့” ဟူ၍ ဟာသနှော မှတ်ချက်ပေးခဲ့ကြသည်။

အဆိုပါ လိမ္မော်ရောင်ကြောင်လေးသည် ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များကြားတွင် ပျော်စရာကောင်းသော အခိုက်အတန့်တစ်ခုကို ဖန်တီးပေးခဲ့ကာ စာမျက်နှာကို ဖော်လိုလုပ်သူများကြားတွင် အသည်းစွဲ ဖြစ်လာခဲ့သည်။