၂၀၄၆ ကမ္ဘာ့ဖလားပွဲကို အာရှ ၇ နိုင်ငံ ပူးပေါင်းလက်ခံကျင်းပရန် ဂျပန်ဦးဆောင်၍ ပြင်ဆင်နေ

ဂျပန်ဘောလုံးအဖွဲ့ချုပ် (JFA) ၏ ထုတ်ပြန်ချက်အရ ဂျပန်နိုင်ငံသည် အရှေ့အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများ ပူးပေါင်းကာ ၂၀၄၆ ခုနှစ် ဖီဖာ (FIFA) ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပနိုင်ရေးအတွက် အာရှနိုင်ငံ (၆) နိုင်ငံနှင့် ပူးတွဲလျှောက်ထားရန် ပြင်ဆင်နေကြောင်း သိရသည်။

အဆိုပါ ပူးတွဲလျှောက်ထားမှု အဆိုပြုချက်တွင် အရှေ့အာရှမှ ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့ ပါဝင်မည်ဖြစ်ပြီး အရှေ့တောင်အာရှမှ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့ ပါဝင်မည်ဖြစ်သည်။

JFA ၏ အဆိုအရ နိုင်ငံ (၇) နိုင်ငံ ပါဝင်သည့် ယခုအဆိုပြုချက်သည် အဆိုပါနိုင်ငံများတွင် လက်ရှိရှိနှင့်ပြီးသား ဘောလုံးအားကစားဆိုင်ရာ အဆောက်အအုံများနှင့် အားကစားကွင်းကြီးများ၏ လူဝင်ထွက်နိုင်စွမ်း အခြေအနေများကို အခြေခံထားခြင်း ဖြစ်သည်။

အရှေ့တောင်အာရှမှ ပါဝင်သည့် နိုင်ငံများအနက် မလေးရှားနိုင်ငံ၏ ဘူကစ်ဂျာလယ် အမျိုးသားအားကစားကွင်း သည် ပရိသတ် ၉၀,၀၀၀ နီးပါး ဆံ့ဝင်နိုင်ပြီး၊ အင်ဒိုနီးရှားနိုင်ငံတွင်မူ ပရိသတ် ၈၀,၀၀၀ ကျော် ဆံ့သည့် အားကစားကွင်း နှစ်ကွင်းဖြစ်သော ဂယ်လိုရာ ဘန်ကာနို အားကစားကွင်း နှင့် ဂျာကာတာ အပြည်ပြည်ဆိုင်ရာ အားကစားကွင်းတို့ ရှိသည်။

ထိုင်းနိုင်ငံ၏ Rajamangala National Stadiumဏ္ဍ ပရိသတ် ၇၀,၀၀၀ ခန့် ဆံ့ပြီး စင်ကာပူနိုင်ငံ၏ အမျိုးသားအားကစားကွင်းမှာမူ ပရိသတ် ၅၅,၀၀၀ ခန့်ကို လက်ခံပေးနိုင်စွမ်း ရှိသည်။

အားကစား အဆောက်အအုံပိုင်းဆိုင်ရာ စိုးရိမ်မှုများကြောင့် ဗီယက်နမ်နိုင်ငံကိုမူ အဆိုပါ အဆိုပြုထားသည့် ပူးတွဲလျှောက်ထားမှုတွင် ထည့်သွင်းထားခြင်း မရှိပေ။ ဗီယက်နမ်၏ မိုင်ဒင် အမျိုးသားအားကစားကွင်း (My Dinh National Stadium) မှာ ပရိသတ် ၄၀,၀၀၀ ကျော်သာ ဆံ့ပြီး မကြာသေးမီအတွင်းက ၎င်း၏ ဟောင်းနွမ်းနေသည့် အခြေအနေနှင့် ခေတ်နောက်ကျနေသော ဒီဇိုင်းပိုင်းတို့အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

၂၀၄၆ ကမ္ဘာ့ဖလားပြိုင်ပွဲသည် အသင်းပေါင်း အနည်းဆုံး ၄၈ သင်း ပါဝင်သည့် ချဲ့ထွင်ထားသော ပုံစံအတိုင်း ကျင်းပရန် မျှော်လင့်ထားပြီး၊ ယင်းကဲ့သို့သော တည်ဆောက်ပုံအတွက် ပိုမိုကြီးမားသည့် အားကစားကွင်းများ၊ ပိုမိုခိုင်မာသည့် သယ်ယူပို့ဆောင်ရေး ကွန်ရက်များနှင့် ပိုမိုကျယ်ပြန့်သော အဆောက်အအုံများ လိုအပ်မည်ဖြစ်သည်။

ဖီဖာ (FIFA) အနေဖြင့် ၂၀၄၆ ခုနှစ်အတွက် အိမ်ရှင်ရွေးချယ်ရေး လုပ်ငန်းစဉ်များကို ၂၀၃၁ ခုနှစ်ဝန်းကျင်တွင် စတင်ရန် မျှော်လင့်ထားသည်။