တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ဆက်လက်ရပ်တည်ကြောင်း ထိုင်းဝန်ကြီးချုပ် ပြောကြား

ထိုင်းနိုင်ငံအနေဖြင့် တရုတ်၏ တစ်နိုင်ငံတည်းမူဝါဒ ကို ရပ်တည်ကြောင်း ယနေ့တွင် ထိုင်းဝန်ကြီးချုပ် အနုတင်ချန်ဗီရာကူး က ထပ်လောင်းအတည်ပြု ပြောကြားခဲ့ပြီး ဘန်ကောက်၏ သဘောထားအပေါ် ထိုင်းနှင့် ထိုင်ဝမ်အကြား ပူးပေါင်းဆောင်ရွယ်မှုများကို ထိခိုက်စေလိမ့်မည်ဟု မမျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အစိုးရအိမ်တော်တွင် ပြောကြားရာ၌ ဝန်ကြီးချုပ်က ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခွဲမရသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း ထိုင်းနိုင်ငံက ထောက်ခံအတည်ပြုခဲ့မှုအပေါ် စိတ်ပျက်မိကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ထိုင်းနိုင်ငံဟာ တစ်နိုင်ငံတည်းမူဝါဒကို အမြဲတမ်း လိုက်နာကျင့်သုံးခဲ့ပါတယ်။ ဒါက အသစ်အဆန်း တစ်ခုမှ မဟုတ်ပါဘူး” ဟု အနုတင်က ဆိုသည်။

၎င်း၏ သံတမန်ရေးရာ ရပ်တည်ချက်နှင့် ဆန့်ကျင်ဘက်မဖြစ်သော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွယ်မှုများအတွက် ထိုင်းနိုင်ငံက ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်ပြီး ဘန်ကောက်အနေဖြင့် မည်သည့် ပူးပေါင်းဆောင်ရွယ်မှုမျိုးကိုမျှ ကန့်သတ်ရန် ကြိုးပမ်းခဲ့ခြင်း မရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုင်ဝမ်၏ စိတ်ပျက်ကြောင်း ဖော်ပြချက်နှင့် ပတ်သက်၍ အနုတင်က ထိုင်းနိုင်ငံအနေဖြင့် ယင်းထုတ်ပြန်ချက်ကို သိရှိထားပြီးဖြစ်သော်လည်း ၎င်းတို့၏ မူဝါဒမှာ ရှင်းလင်းပြတ်သားကြောင်း ဆက်လက်ရပ်တည်ခဲ့သည်။

“ဒါက ထိုင်ဝမ်ရဲ့ ရပ်တည်ချက်ပါ၊ ကျနော်တို့ကလည်း အဲဒါကို မှတ်သားထားပါတယ်။ ထိုင်းနိုင်ငံရဲ့ မူဝါဒက ရှင်းပါတယ်၊ ဒါက ဘယ်လိုသက်ရောက်မှုမှ ရှိလာမယ်လို့ မထင်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

တင်းမာမှုများကို လျှော့ချရန်အတွက် ထပ်ဆောင်း သံတမန်ရေးရာ ကြိုးပမ်းမှုများ ထပ်မံလိုအပ်ခြင်း ရှိမရှိ မေးမြန်းမှုကို အနုတင်က နှစ်ဖက်စလုံးအနေဖြင့် တစ်ဦးနှင့်တစ်ဦး နားလည်ပြီးသားဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ထိုင်ဝမ်ဘက်က ထိုင်းနိုင်ငံအနေဖြင့် ဘေဂျင်းဘက်ကို ယိမ်းသည်ဟု ရှုမြင်နိုင်ခြေ ရှိမရှိ မေးမြန်းမှုကို ဝန်ကြီးချုပ်က အပြုံးဖြင့် “ကျွန်ုပ်တို့ရဲ့ မူဝါဒက တစ်နိုင်ငံတည်းမူဝါဒ ဖြစ်ပါတယ်။ ဘက်ယိမ်းတာမျိုး မရှိပါဘူး” ဟု ဖြေကြားခဲ့သည်။

လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသော တုံ့ပြန်မှုများနှင့် ပတ်သက်၍မူ ၎င်းက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

ဤအငြင်းပွားမှုသည် ထိုင်းဧည့်သည်များ ထိုင်ဝမ်သို့ ဗီဇာကင်းလွတ်ခွင့်ဖြင့် သွားလာရေး သို့မဟုတ် ထိုနေရာတွင် လုပ်ကိုင်နေကြသော ထိုင်းလုပ်သား အများအပြားအပေါ် သက်ရောက်မှု ရှိလာနိုင်ချေ ရှိမရှိ မေးမြန်းသည့်အခါ ဝန်ကြီးချုပ် အနုတင်က ထိုင်းနိုင်ငံ၏ ရပ်တည်ချက်မှာ ပြောင်းလဲခြင်း မရှိသေးကြောင်း ထပ်လောင်း အလေးပေး ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့ရဲ့ မူဝါဒက ရှင်းပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ မှတ်ချက်စကားများသည် ထိုင်းနှင့် တရုတ်အဆင့်မြင့် အရာရှိများအကြား မကြာသေးမီက ပြုလုပ်ခဲ့သော ဆွေးနွေးဖလှယ်မှုများအပြီးတွင် ထိုင်ဝမ်သည် တရုတ်၏ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထိုင်းနိုင်ငံက ထောက်ခံအားပေးခြင်းအပေါ် ဝေဖန်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။