ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးတွင် YBSခရီးသည်တင်ယာဉ်များ ပြေးဆွဲမှု သိသိသာသာ နည်းလာသဖြင့် ကြားကားများက နေရာယူလာကြောင်း သိရသည်။
ယခုနှစ်အတွင်း YBSယာဉ် ပြေးဆွဲမှု နည်းလာခြင်းကြောင့် YBS နေရာ၌ ဟိုက်ဂျက်နှင့် လိုက်ထရပ် ကားများဖြင့် နေ့လယ်ဘက်ပါ ပြေးဆွဲမှု ပိုများလာခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံအချို့ထံက သိရသည်။
“YBS တွေက ဂက်စ်မရတဲ့ ပြဿနာရှိတယ်။ဂက်စ်မရတာက ခဏခဏဖြစ်နေတယ်။ပြီးတော့ လိုင်း ပိတ်တာတွေလည်း ရှိတယ်။အဲဒါကြောင့် လိုင်းကားအထွက်နည်းလို့ လိုင်းကားတွေမှာ လူပြည့်သိပ် နေတော့ ကြားကားကို အားပြုစီးသူ များလာတယ်”ဟု ရန်ကုန်မြို့တွင်း၌ နေ့စဉ်အလုပ်ဆင်းနေသူ ကုမ္ပဏီဝန်ထမ်းတစ်ဦးက MPAသို့ပြောသည်။
လိုက်ထရပ်နှင့် ဟိုက်ဂျက် ကြားကားခများမှာ သာကေတမှ ရန်ကုန်မြို့တွင်းသို့ ယခင်က ၅၀၀ ကျပ်ပေးရပြီး ယခု တစ်ထောင်ကျပ်ဖြစ်လာသည်။ အံစာတုံးကားနှင့် ဆွဲသည့် ကြားကားမှာ ယုဇနနှင့် တောင်ဒဂုံမှ မြို့ထဲ လမ်း၄၀ သို့ ကျပ်၃၀၀၀၊ ၄၀၀၀။ မြောက်ဥက္ကလာ နှင့် ဒဂုံမြောက်ပိုင်းမှ ဆူးလေ မြို့တော်ခန်းမဘေးသို့ ကျပ်၃၀၀၀၊ ၄၀၀၀ ပေးရသည်။အများအားဖြင့် ရုံးဆင်းရုံးတက်ချိန်လိုင်းကား မရပါက ကြားကားကို အားကိုးရပြီး ညဘက်တွင် လမ်း၄၀ နှင့် ဆူးလေမြို့တော်ခန်းမဘေးမှ ၃၀၀၀ ၊၄၀၀၀ ပေးရသည့် အံစာတုံးကြားကားများသာရှိတော့ကြောင်း သိရသည်။
“စီးနေကျမို့ သိတာ။ ပန်းခြံ(သခင်မြပန်းခြံ)ကနေ ဗိုလ်ချုပ်လမ်းအတိုင်း ပတ်တဲ့ မြို့ပတ်ကား ၅၆ ဆို ရင် ဒီနှစ်ကစပြီး တော်တော်နည်းသွားတယ်။အရင်တုန်းကဆို ၅၆ဆိုတာ ကားတွေ ထပ်နေရော။အခု က တစ်နှစ်လောက်ရှိပြီ။ကားနည်းသွားတော့ ၅၆တိုင်း လူအပြည့်ပဲ။အလာကျဲသွားတော့ စောင့် ရတယ်”ဟု အလုံမြို့နယ်နေ အသက်၄၀ကျော်အရွယ်ရှိ အိမ်ရှင်မတစ်ဦးက ပြောသည်။
YBS လိုင်းကား ပြေးဆွဲမှုနည်းလာသော်လည်း လုပ်ခလစာ ရရှိမှု တိုးမလာသဖြင့် ဆင်ခြေဖုံးမြို့နယ် များရှိ လခစားဝန်ထမ်းများမှာ တိုးဝှေ့စီးရသော လိုင်းကားကိုသာ အားပြုစီးနေရသည်ဟု ယုဇနဥ ယျာဉ်မြို့တော်နေ အသက်၃၈နှစ်အရွယ်ရှိ ကုမ္ပဏီဝန်ထမ်း အမျိုးသားတစ်ဦးက ပြောသည်။ “အရေးပေါ်ကိစ္စရှိမှပဲ ကြားကားစီးတယ်။ အရင်ခေတ်တုန်းကလို အလုပ်ထဲကလူတွေနဲ့ တစ်ပတ် တစ်ခါ သောက်စားဖို့လည်း ပိုက်ဆံမတတ်နိုင်တော့ဘူး။ ပြီးတော့ ပေါ်တာလည်း ကြောက်ရသေး တော့ ရုံးဆင်းတာ ၁၃၃ တို့ ၄ တို့စီးပြီး အိမ်တန်းပြန်ရတာ။ အဲ့အချိန်ဆို လိုင်းကားရှိသေးတယ်လေ။ နောက်ကျရင် လမ်း ၄၀ က ယုဇန၊ ဒဂုံဆိပ်ကမ်း ကြားကားနဲ့ သုံးလေးထောင်ကုန်ပြီပဲ”ဟု ၎င်းက ပြော သည်။
မြို့တွင်း ပြေးဆွဲသည့် ၅၆၊၅၇၊၅၈ ကားခမှာ ကျပ်၂၀၀ဖြစ်ပြီး ၅၆ ကားမှာ ကတ်ဖြတ်သည့် စနစ်မဟုတ်ဘဲ ငွေပေးရသဖြင့် အကြွေမရှိပါက ၅၀၀တန်၊၁၀၀-တန်ပင် ပြန်အမ်းခြင်းမရှိသော ကြောင့် ခရီးသည်အချင်းချင်း ပေါင်းကာ စုပေးရသည်မျိုးလုပ်ဆောင်ရသည် ။
တခြားကားလိုင်းများမှာ လိုင်းကားခအနည်းဆုံး ကျပ်၄၀၀ ဖြစ်သော်လည်း အကြွေ ၁၀၀ တန် မရှိသလောက် ရှားနေပြီဖြစ်၍ ၅၀၀ တန်ပေးလျှင် ၁၀၀ ပြန်မအမ်းတော့ကြောင်း ၎င်းတို့က ဆိုသည်။
“ကတ်နဲ့စီးရင် ၃၅၀၊ ငွေအကြွေဆို ၄၀၀။၅၀၀တန်ပေးရင် ပြန်အမ်းတဲ့ ရာဇဝင် YBS တွေမှာ မရှိတော့ဘူး”ဟု ရန်ကုန်မြို့တွင်းသို့ နေ့စဉ်အလုပ်ဆင်းနေသူ ကုမ္ပဏီဝန်ထမ်းက ဆက်လက်ပြောသည်။
အများပြည်သူလှည့်ပတ်သုံးငွေတွင် ၁၀၀ တန်တင်မက ၂၀၀ တန်ပါ ရှားပါးနေပြီဖြစ်ရာ ယနေ့ခေတ်အသေးသုံးငွေအကြွေမှာ ၅၀၀ တန်နှင့် ၁၀၀၀ တန် ဖြစ်လာနေပြီဟု သိရသည်။
