ရန်ကုန်မြို့၊အင်းစိန်မြို့နယ်၊တညင်းကုန်းဈေးတွင် ကုန်ထမ်းအလုပ်သမား၂ဦးကို အလုပ်နှင့်မျှားကာ ပေါ်တာဆွဲသွားကြောင်း သိရသည်။
တညင်းကုန်းဈေးကြီးတွင် ကုန်ထမ်းနေသည့် အသက်၄၀နှင့် ၂၀ခန့်အရွယ်ရှိ အမျိုးသား၂ဦးကို ဇူလိုင် ၁၇ရက်က ကုန်ထမ်းစရာရှိသည်ဟုဆိုကာ တက္ကစီဖြင့် လာခေါ်သွားပြီးနောက် ပျောက်ဆုံးသွားခဲ့ ကြောင်း ထို့နောက် စစ်မှုထမ်းအတွက် ပေါ်တာဆွဲခံရကာ တောင်ငူစခန်းသို့ ရောက်ရှိနေသည်ဟု သိရပြီး ကျပ်၆၅သိန်း နှင့်ပြန်ရွေးခိုင်းကာ ငွေယူ၍ ပြန်မလွှတ်ဟု သိရကြောင်း ဒေသတွင်းသတင်း တစ်ရပ်က ဖော်ပြသည်။
“ပေါ်တာဆွဲသွားတာ ဟုတ်တယ်။ကုန်ထမ်းစရာရှိလို့ဆိုပြီး ၁၀၀လောက်တန်တာကို ၃၀၀လောက် ပေးမယ်ဆိုပြီး မက်လုံးပေးပြီး ခေါ်သွားတာ။လိုက်သွားပြီးမှ စစ်မှုထမ်းထဲ ပါသွားတာ”ဟု အင်းစိန် မြို့နယ်၊တညင်းကုန်းရပ်ကွက်အနီးနေ အမျိုးသမီးတစ်ဦးက MPAသို့ပြောသည်။
ပေါ်တာဆွဲသူတို့က ငွေဖြင့် ပြန်ရွေးခိုင်းသော်လည်း ပြန်မရွေးနိုင်သဖြင့် စစ်မှုထမ်းထဲသို့ ပါသွားပြီဟု တညင်းကုန်းဈေးသည်အချို့ထံက သိရကြောင်း ၎င်းက ပြောသည်။
မတ်လ၁၆ရက်က တာမွေဈေးရှေ့ ဆိုက်ကားဂိတ်မှ ဆိုက်ကားနင်းသူ၂ဦးကို အမျိုးသမီး၂ဦးက အိမ်ပြောင်းရွှေ့ရန်ဟုဆိုကာ ဌားရမ်းသွားပြီးနောက် ပျောက်ဆုံးသွားခဲ့သလို တောင်ဒဂုံမြို့နယ်နေ အမျိုးသားတစ်ဦးကိုလည်း အမျိုးသမီးများက အိမ်ပြောင်းရွှေ့ရန် ဌားခေါ်သွားပြီးနောက် ပျောက်ဆုံး သွားခဲ့ကြောင်း Rangoon Scout Network-RSN က ထုတ်ပြန်ခဲ့ဖူးသည်။
ထို့အပြင် ဖေဖော်ဝါရီ၁၀ ရက်ကလည်း သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက် မြောက်ပိုင်းရှိ အမျိုးသား ၃ ဦးကို လူတစ်စုက ပစ္စည်းအရွှေ့အပြောင်းအတွက် ငှားရမ်းလိုသည်ဟုဆိုကာ ခေါ်သွား ပြီး စစ်တပ်ထံ ရောင်းစားသည့်ဖြစ်စဉ်ရှိခဲ့ကြောင်းနှင့် ၂၀၂၅ ခုနှစ်အတွင်း အလုပ်ဖြင့်မျှားခေါ်ပြီး စစ်တပ်ထံ ရောင်းစားခံရသူ ၁၆ ဦးရှိခဲ့ကြောင်း RSN က ဆိုသည်။
