ပုဂံနှင့်ခေတ်ပြိုင် ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံများစွာရှိသော ပခန်းငယ်ရွာကို စစ်တပ် မီးရှို့

ဓာတ်ပုံ-မကွေးတိုင်းပကဖ၊Thiha, the Traveller

ပုဂံနှင့်ခေတ်ပြိုင် ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံများစွာရှိသော ချောက်မြို့နယ်အတွင်းရှိ ပခန်းငယ်ရွာကို ယနေ့(ဇူလိုင်၂၅ရက်)နံနက်ပိုင်းတွင် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

ယနေ့နံနက် ၈နာရီ၁၉မိနစ် ခန့်မှ စတင်ကာ မကွေးတိုင်း၊ချောက်မြို့နယ်အတွင်းရှိ ပခန်းငယ် (ခ) ပုဂံငယ်ကျေးရွာအတွင်း နေရာ၄နေရာခွဲကာ စစ်တပ်က မီးရှို့နေခြင်းဖြစ်ကြောင်း မကွေးတိုင်းပကဖ က သတင်းထုတ်ပြန်သည်။

“၄ နေရာခွဲပြီး မီးရှို့နေတယ်ပဲ သိရသေးတာပါ။ကျန်တာ မသိရသေးပါဘူး”ဟု မကွေးတိုင်းပကဖ မှ တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။

ရှေးဟောင်းသုတေသနပညာရှင်တို့၏အဆိုအရ ပခန်းငယ်ကျေးရွာတွင် မြေစိုက်စေတီ ၂၄ ဆူ၊ လိုဏ်ပါစေတီ ၁၁ ဆူ၊ ဘုရား ၃၈ ဆူ၊ သိမ် ၂ဆောင်၊ ပိဋကတ်တိုက် ၃ ခု၊ ခြေတော်ရာ ၂ ဆူ နဲ့ ဥမင် တစ်ခု၊ စုစုပေါင်းစေတီနှင့်ရှေးဟောင်းအဆောက်အအုံ ၈၁ခုရှိကြောင်း သိရသည်။

ယင်းရှေးဟောင်းအဆောက်အအုံများနှင့် ပတ်သက်ပြီး မကွေးတိုင်းပကဖ တာဝန်ရှိသူက “ရွာထဲနဲ့ ရွာအနီးမှာ ရှိတာပါဗျ။ ရွာအနီးဆို တချို့ဟာတွေက ရွာအပြင် ကပ်လျက်ပါပဲဗျ”ဟု ဆက်လက်ပြော သည်။

ပခန်းငယ်ရွာထဲသို့ စစ်သားအင်အား၂၀၀ကျော် ရောက်ရှိနေခြင်းဖြစ်ပြီး မီးလောင်ပျက်စီးမှုအခြေအ နေကိုမူ မသိရှိရသေးပေ။

“အသေးစိတ် မသိရသေးပါဘူး။ မီးရှို့နေတဲ့ သတင်းပဲ ပေးပို့လာတာ ရှိ‌ပါသေးတယ်ဗျ”ဟု ၎င်းက ပြောသည်။

ပခန်းငယ်ကျေးရွာရှိ ဘုရားစေတီနှင့် အဆောက်အအုံများ၏ အတွင်းပိုင်းလက်ရာများမှာ ပုဂံခေတ် ယဉ်‌ကျေးမှု လက်ရာများဖြစ်ပြီး အပြင်ဘက်ပိုင်းတွင် ညောင်ရမ်းခေတ်၊ အင်း၀ခေတ်နှင့် ကုန်းဘောင် ခေတ် လက်ရာများကို တွေ့မြင်ရကြောင်း မကွေးတိုင်ပကဖ ကထုတ်ပြန်ထားသည်။

ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ ပခန်းငယ်ရွာသည် လူဦးရေ ၁၀၀၀ကျော်ရှိသော ကျေးရွာအုပ်စုအ ဆင့် ရွာကြီးတစ်ရွာဖြစ်ပြီး စစ်သားများ ဝင်ရောက်လာသဖြင့် ဒေသခံတို့ ထွက်ပြေးတိမ်းရှောင်နေကြ ကြောင်း သိရသည်။