ကောလာဟလများကြောင့် ဂယက်ထနေသည့် နှစ် ၂၀ သက်တမ်းရှိ ယာဉ်အိုယာဉ်ဟောင်း(အပ်ကား)ဈေးကွက်အတွင်း အပ်ကားတစ်စီးလျှင် ကျပ်သိန်း ၉၀၀ ကျော်ထိ ဈေးပေါက်နေသည်ဟု စုံစမ်းသိရှိရသည်။
Mercedes BMW အင်ဂျင်ပါဝါ 4000 နှင့်အထက် အပ်ကားတစ်စီးလျှင် ကျပ်သိန်း ၉၀၀ ကျော်၊ Toyota Celsior Majesty တစ်စီးလျှင် ကျပ်သိန်း ၆၅၀ ကျပ်ခန့်၊ အင်ဂျင်ပါဝါ ၃၀၀၀ စီစီနှင့်အထက်ရှိသည့် Station Wagon နှင့် Surf အမျိုးအစားတစ်စီးလျှင် ကျပ်သိန်း ၆၀၀ ဝန်းကျင်၊ ရန်ကုန်လိုင်စင် အင်ဂျင်ပါဝါ ၂၅၀၀ စီစီထိရှိသည့် အပ်ကားတစ်စီးလျှင် ကျပ်သိန်း ၅၀၀ ခန့်၊ R+ ၂၀၀၄ မော်ဒယ်ထိဆိုပါက တစ်စီးလျှင် ကျပ်သိန်း ၄၄၀ ခန့်နှင့် နှစ်၂၀ ပြည့် တရုတ်နိုင်ငံထုတ် လူစီးကားတစ်စီးလျှင် ကျပ်သိန်း ၃၃၀ ကျပ်နှင့် စက်မှုဇုန်ထုတ် Double Cab တစ်စီးကို ကျပ်သိန်း ၃၅၀ ခန့်ဈေးပေါက်နေကြောင်း အပ်ကားဈေးကွက်အတွင်းမှ သိရသည်။
လက်ရှိ အရည်ကြိုစျေးကွက်အခြေအနေနှင့်ပတ်သက်၍ ဈေးကွက်ကျွမ်းကျင်သူလည်းဖြစ်၊ ကားဝယ်ရောင်းတစ်ဦးလည်းဖြစ်သူတစ်ဦးကတော့ အင်ဂျင်ပါဝင်ကြီးသည့်ယာဉ်များကို လိုက်လံ ဝယ်ယူမှုများပြားနေသည်ဟု ဆိုသည်။
“အင်ဂျင်ပါဝါ 3.0 နဲ့အထက် SUV၊ Station Wagon အမျိုးစားကားတွေနဲ့ Saloon အမျိုးစားထဲက အင်ဂျင်ပါဝါ 4.0 နဲ့အထက်ကားတွေ အဝယ်များပါတယ်” လို့ ၎င်းက ပြောသည်။
တစ်ခါ တောင်ကိုရီယားနိုင်ငံက ထုတ်လုပ်သည့် Hydai Starex ကားအမျိုးများနှင့် Lite Truck၊ Pick-up၊ Minibus bus နှင့် DV Van အစရှိသည့် လုပ်ငန်းသုံးကားများကိုမူ အပ်ကားအနေအဖြစ် အဝယ်မရှိကြောင်း သိရသည်။
“အခုက အင်ဂျင်ပါဝင်ကြီးရင် EV မော်ဒယ်မြင့် ရမယ်။ ကောင်းကောင်းရမယ်ဆိုတဲ့ ကောလာဟလနဲ့ အင်ဂျင်ပါဝင်ကြီးတဲ့ကားတွေကို လိုက်ဝယ်နေကြတာ။ အဲဒါကလည်း တကယ်တမ်းအလုပ်ဖြစ်တာမဟုတ်ဘူး။ သတင်းဖြန့်တဲ့ကောင်တွေက အဲဒီကားတွေကိုပဲ လှည့်ပတ်ပြီး အရောင်းအဝယ်ဖြစ်နေပြီ ဘာညာဆိုပြီး လိုက်လွှင့်နေတာ။ ဈေးတက်အောင်၊ ဂယက်ထအောင်လိုက်လုပ်နေတဲ့သဘောပေါ့။ ကျနော်တော့ ကားဈေးကွက်ကို အခုထိ စောင့်ကြည့်နေတုန်းပဲ။ ဒီအတိုင်းဆိုရင်တော့ EV တွေက ဈေးကျသွားနိုင်တယ်။ တကယ်က EV က နှစ်ကြာလေ ဈေးကျလေပဲဖြစ်မှာ။ သူက ICE နဲ့မတူဘူးလေ။ ဘက်ထရီသက်တမ်းကြာလေ ဈေးကျလေပဲ” ဟု ရန်ကုန်ရှိ ကားဝယ်ရောင်းတစ်ဦးက MPA သို့ ပြောသည်။
နှစ် ၂၀ သက်တမ်းပြည့်ယာဉ်များကို အပ်နှံပြီး လျှပ်စစ်မော်တော်ယာဉ်(EV) တင်သွင်းခွင့်ပြုမည်ဟု စစ်အုပ်စု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မေလ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သော်လည်း ယနေ့အချိန်ထိ အသေးစိတ်မူဝါဒများထွက်ပေါ်လာခြင်းမရှိသေးပေ။
သို့သော် စီးပွား/ကူးသန်းတာဝန်ရှိသူတစ်ဦးကတော့ ယာဉ်အင်္ဂါရပ်နှင့်မကိုက်ညီဘဲ သုံးစွဲရန်မသင့်လျော်သည့်ယာဉ်များကို ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး လျှပ်စစ်ကားတင်သွင်းခွင့်အတွက် သတ်မှတ်ချက်များကို မကြာခင်ထုတ်ပြန်သွားမည်ဟု ပြည်တွင်းရှိ မီဒီယာအချို့ကို ပြောဆိုထားချက်အရ သိရသည်။
ထိုလုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေးအတွက် ပြီးခဲ့သည့်ရက်ပိုင်းက မော်တော်ယာဉ်တင်သွင်းဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များနှင့်စုဖွဲ့ထားသည့်အသင်းအဖွဲ့များကတာဝန်ရှိသူများအပြင် လျှပ်စစ်ကားတင်သွင်းရောင်းချခွင့်ရရှိထားသည့်ကုမ္ပဏီများက တာဝန်ရှိသူများကို စီးပွား/ကူးသန်းဝန်ကြီးဌာနဘက်က ရန်ကုန်မြို့တွင်ခေါ်ယူတွေ့ဆုံခဲ့သည်ဟု သိရသည်။
မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ မူဝါဒများနှင့် ပတ်သက်၍ စစ်အုပ်စု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အွန်လိုင်း အစည်းအဝေးသတင်း ထွက်ပေါ်လာပြီးနောက် နှစ် ၂၀ သက်တမ်းရှိ ကားများကို အပ်နှံပါက EV ယာဉ်များ တင်သွင်းခွင့် ပေးတော့မည်ဆိုသည့် သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်မှစ၍ ရန်ကုန်နှင့် မန္တလေး ကားဈေးကွက်အတွင်း နှစ် ၂၀ အောက် သက်တမ်းရှိ Mercedes၊ BMW၊ Ford၊ KIA စသည့် အင်ဂျင်ပါဝါကြီး မော်ဒယ်နိမ့် ဥရောပ၊ ကိုရီးယားနှင့် ဂျပန်ကားများကို လိုက်လံဝယ်ယူမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။
