ပဲခူးတိုင်းအနောက်ခြမ်း၌ ဆေးဝါးဝယ်ယူခွင့်နှင့် သယ်ယူခွင့်ကို စစ်ကော်မရှင်က တင်းကျပ်စွာ ပိတ်ပင်ထား

ဓာတ်ပုံ- စစ်ကော်မရှင်
ပုံစာ- စစ်ကော်မရှင်က စစ်ဆေးမှုများပြုလုပ်နေသည့်မြင်ကွင်း

ပဲခူးတိုင်းအနောက်ခြမ်းရှိ မြို့နယ်များတွင် စစ်ကော်မရှင်က ဆေးဝါးဝယ်ယူခွင့်နှင့် သယ်ဆောင်ခွင့်များကို တင်းကျပ်စွာ ပိတ်ပင်ထားသည့်အတွက် ဒေသခံများ ဆေးဝါးကုသခွင့်နှင့်ပတ်သက်ပြီး ဒုက္ခမျာစွာ ကြုံတွေ့နေရကြောင်း သိရသည်။

ထို့ပြင် ဆေးဆိုင်များတွင် ဆေးဝါးဝယ်ယူရာ၌လည်း လိုသလောက်ဝယ်ယူ၍မရဘဲ ပမာဏများများဝယ်ယူလိုသူများသည် စစ်တပ်လက်အောက်ခံ မြို့နယ်ဆရာဝန်များထံမှ ထောက်ခံချက်တောင်းယူနေရကြောင်း အုတ်ဖိုမြို့နယ်မှ အသက် ၄၀အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“ထိခိုက်အနာတွေမှာသုံးတဲ့ ဆေးဝါးဘူးလေးတွေ၊ ပတ်တီးလိပ်တွေဆို နည်းနည်းတောင်ဝယ်လို့မရဘူး။ ဝယ်မယ်ဆို ဆရာဝန်ကြီး ခွင့်ပြုချက် လက်မှတ်ပါမှ ဝယ်လို့ရတယ်။ မြို့ပေါ် ဆေးဆိုင်တွေအားလုံးကို စစ်တပ်က ခေါ်ပြီးတွေ့ထားတာ၊ ဆရာဝန်ကြီး ခွင့်ပြုချက်မပါဘဲ ရောင်းရင်အရေးယူဆိုပြီး ခြိမ်းခြောက်ထားတာ” ဟု ၎င်းက ပြောသည်။

ထို့ပြင် ရန်ကုန်-ပြည် ကားလမ်းအရှေ့ဘက်ရှိ ကျေးရွာများတွင်လည်း ဆေးဝါးသယ်ယူသည့် ဒေသခံများကို စစ်တပ်၏ စစ်ဆေးရေးဂိတ်များက တင်းကျပ်စွာ စစ်ဆေးပြီး ပမာဏများပြားပါက သိမ်းယူမှုများပြုလုပ်နေကြောင်း မင်းလှမြို့နယ်မှ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

“လမ်းမှာ ဂိတ်က ၃ဂိတ်လောက်ဖြတ်ရတယ်၊ ပစ္စည်းတွေအကုန်စစ်တာ၊ ဆေးတွေဘာတွေတွေ့ရင်ပိုဆိုးတယ်၊ ဆေးကတ်၅ကတ်လောက်ပါလာရင် ၂ကတ်လောက်က ထားခဲ့ရတာ၊ လမ်းခရီးက သွားရလာရတာ အဆင်မပြေလို့ လိုရမယ်ရ များများလေးဆောင်ထားဖို့ဝယ်လာတာကိုဘယ်လိုမှ သယ်ခွင့်မပေးဘူး”ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ စစ်တပ်က ဆေးဝါးဝယ်ယူခွင့်နှင့် သယ်ယူခွင့်ကို တင်းကျပ်ထားခြင်းကြောင့် ပဲခူးရိုးမအနီးရှိ ကျေးရွာများတွင် ဆေးဝါးပြတ်လပ်နေပြီး မိုးတွင်းကာလတွင်ကြုံတွေ့ရသည့် ရောဂါများအတွက် ကုသရန်ပင်ဆေးမရှိဖြစ်နေကြောင်း ကြို့ပင်ကောက်မြို့နယ်မှ အသက် ၃၅နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“မိုးတွင်းဆိုတော့ ယားနာတွေဖြစ်တာတော်တော်ဆိုးတယ်။ ကူးစက်ခံရတာလည်း တော်တော်များတယ်။ ပိုဆိုးတာက သောက်ဆေး လိမ်းဆေး ဘာမှဝယ်မရဘူး။ နာတာရှည် ဆေးစွဲသောက်နေရတဲ့သူတွေဆို ပိုဆိုးတယ်။ ကျတော်တို့လည်း ဘာရောဂါမှ မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေရတယ်။ ရောဂါဖြစ်လို့ ပိုက်ဆံရှိရင်တောင် ဆေးကဝယ်မရလို့ ကုလို့ရမှာမဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

“သာမာန်ရောဂါတွေအတွက် ကုသဖို့တောင်ခက်ခဲနေတာပါ၊ ကြိုးစားပြီးတော့့ နည်းလမ်းအမျိုးမျိုးနဲ့ရတဲ့ဆေးဝါးတွေနဲ့ပဲကုပေးနေရတယ်။ အခုကာလ ဘယ်သူမှ မြို့တက်မကုရဲဘူး။ စစ်တပ်စစ်ဆေးရေးဂိတ်တွေက ရိုးမဘက်ကလာတဲ့သူတွေဆိုဖမ်းတာ၊ စစ်တာဆေးတာတွေလုပ်တယ်။ အဲဒီတော့သေရေးရှင်ရေးဖြစ်မှသာ မြို့ပေါ်ဆေးခန်းတွေပြေးရတာ”ဟု ပဲခူးရိုးမအတွင်း စစ်ဘေးရှောင်များအား ဆေးကုသပေးနေသည့် CDM ကျန်းမာရေးဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်တပ်က အခုလိုလုပ်ဆောင်ချက်များကြောင့် ထိခိုက်ဒဏ်ရာရရှိသူများသည် မြို့နယ်ဆေးရုံသို့ လာရောက်ဆေးကုသရာတွင်လည်း စစ်ဆေးမှုများပြုလုပ်ပြီး မသင်္ကာသူများကို ဖမ်းဆီးနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ပဲခူးရိုးမနှင့် ရိုးမအနီးကျေးရွာများတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကော်မရှင်တပ်တို့အကြား ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားပြီး အထိနာသည့် စစ်တပ်သည် ဖြတ်လေးဖြတ် စနစ်ကျင့်သုံးပြီး တော်လှန်ရေးတပ်ဖွဲ့များ အခက်တွေ့အောင်လုပ်ဆောင်နေခြင်းဖြစ်သော်လည်း ပြည်သူများသာ အဓိက ဒုက္ခရောက်နေရခြင်းဖြစ်သည်။