ထိုင်းနိုင်ငံ ရောက်နေသည့်အထောက်ထားမဲ့ မြန်မာလုပ်သားများကို မြန်မာသံရုံးမှထုတ်ပေးသည့် အထောက် အထား-CI(Certificate of Identity ) မှ PJ(Passport for Job) ပြောင်းသူများကို ထိုင်းနိုင်ငံတွင်းအတွက်သာ “Passport For Thailand Only” ထုတ်ပေးတော့ကြောင်း စုံစမ်းသိရှိရသည်။
CI စာအုပ်သည် ပုံမှန်နိုင်ငံကူးလက်မှတ် မဟုတ်ဘဲ ထိုင်း-မြန်မာ နယ်နိမိတ်အတွင်း အလုပ်လုပ်နိုင်ရန်နှင့် နေထိုင်ခွင့်ရရှိရန် မြန်မာအစိုးရက အထူးထုတ်ပေးထားသည့် စာရွက်စာတမ်းဖြစ်ပြီး ယင်းစာအုပ်မှ PJ သို့ ကူးပြောင်းသူများသည် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်နိုင်ကြောင်းသိရသည်။
သို့သော် စစ်ကော်မရှင်လက်အောက်ခံ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့(စက်တင်ဘာ ၂၆ရက်) မှစတင်ပြီး CI စာအုပ်မှ နိုင်ငံကူးလက်မှတ် PJ ပြောင်းသူများကို ထိုင်းနိုင်ငံအတွက်ဟုသာ တံဆိပ်ရိုက်နှိပ်ပေးခဲ့ကြောင်းသိရသည်။
“ CI ကနေ PJ ပြောင်းတဲ့လူတွေကိုဒီရက်ထဲ ထိုင်းကနေတစ်ဆင့် တခြားကိုထွက်ဖို့စိတ်ကူးထားတဲ့သူတွေအတွက်တော့လုံးဝအဆင်မပြေတော့ပါဘူး။ ထိုင်းနိုင်ငံအတွက်သာဆိုပြီးသီးသန့်ထုတ်ပေးလိုက်တဲ့သဘောပါ” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တစ်ဦး ပြောသည်။
CI စာအုပ်သမားများအနေဖြင့် လက်ရှိ Work Permit သက်တမ်းမကုန်ခင် MoU စနစ်ပြောင်းရန် ထိုင်းအစိုးရက အလုပ်ရှင်များကို ကြေငြာထားပြီးနောက် CI ကိုင်ဆောင်သူများသည် PJ ပြောင်းလဲကိုင်ဆောင်ရန် ပိုမိုလုပ်ဆောင်လာကြောင်း Passport ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများက ဆိုသည်။
” ထိုင်းက အလုပ်သမားနဲ့ပတ်သက်ပြီး ပေါ်လစီအမြဲပြောင်းနေတယ်။ ပန်းရောင်ကတ် (ထိုင်းအစိုးရက ရွှေ့ပြောင်းလုပ်သားများအတွက်ထုတ်ပေးသောကတ်) လုပ်ပြီး CI ကိုင်ထားရင် အဆင်ပြေပေမယ့် အခုနောက်ပိုင်း PJ ပြောင်းဖို့ပုံစံဖြစ်လာတယ်။ ကျတော်တို့သိသလောက်ကတော့ ထိုင်းနိုင်ငံထဲက အလုပ်သမားတွေကို အနောက်နိုင်ငံသွားဖို့ ကန့်လိုက်တဲဲ့ပုံစံပါ” ဟု Passport ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ရှင်းပြသည်။
အဆိုပါ”Passport For Thailand Only” ဟုရိုက်ထားသည့် PJ ကိုင်ဆောင်သူများသည် ထိုင်းနိုင်ငံမှ အပ အခြားနိုင်ငံများသို့ ထွက်ခွာခွင့် မရရှိတော့ကြောင်း၊ စစ်ကော်မရှင်က ယခုလို လုပ်ဆောင်ခြင်းသည် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသူများကို ဖိနှိပ်ရန်အတွက်သာဖြစ်သည်ဟု နိုင်ငံရေး လေ့လာသူတစ်ဦးဆိုသည်။
CI မှ PJ သို့ပြောင်းရာ၌ ရုံးလုပ်ထုံးလုပ်နည်း နားမလည်သူအများစုသည် ပွဲစားများအကူအညီဖြင့် လုပ်ဆောင်ရပြီး ယခုလို လုပ်ဆောင်ရန်အတွက် အနည်းဆုံး ဘတ်တစ်သောင်းမှ အများဆုံး ဘတ်တစ်သောင်းခွဲထိကုန်ကျကြောင်းသိရသည်။
ယခုကဲ့သို့ စစ်ကော်မရှင်က CJ မှ PJ ပြောင်းလဲသူများကို ကန့်သတ်လိုက်ခြင်းကြောင့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား အများစု စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိနေသည်။
