တိုက်ပွဲများနှင့် ပေါ်တာကြောင့် သီတင်းကျွတ် ဇာတိပြန် ခရီးသွား နည်းနိုင်ဟုဆို

ဓာတ်ပုံ-Greeting from Myanmar
ပုံစာ- အောင်မင်္ဂလာအဝေးပြေးဝင်းတစ်နေရာ။(ပုံဟောင်း)

By Ra Wai / MPA

တိုက်ပွဲများနှင့် ပေါ်တာကြောင့် လာမည့်သီတင်းကျွတ်ပိတ်ရက်တွင် ဇာတိပြန်ခရီးသွား နည်းနိုင်ဖွယ် ရှိကြောင်း သိရသည်။

သီတင်းကျွတ်ပိတ်ရက်သို့ရောက်ရန် ရက်သိပ်မလိုတော့သော်လည်း ယနေ့(စက်တင်ဘာ၂၆ရက်)ည နေပိုင်းအထိ အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်း ကြိုတင်လက်မှတ်ဝယ်ယူသူ မရှိသလောက်ဖြစ် နေကြောင်း ယင်းအဝေးပြေးဝင်းအတွင်းရှိ ယာဉ်လိုင်းမန်နေဂျာတစ်ဦးက ဆိုသည်။

“အခုအချိန်ထိ ကြိုတင်လက်မှတ် ဝယ်တဲ့သူက ကျနော်တို့ မော်လမြိုင်-ရေး-ထားဝယ်ဘက်ခြမ်းမှာ ကျနော်တို့ဂိတ်မှမဟုတ်ဘူး။တခြားဂိတ်တွေလည်း မရှိဘူး။ကျိုက်ထို၊ဘီးလင်း၊သထုံ နဲ့ သံဖြူဇရပ်၊ ရေးနဲ့ အောက်ဘက်ခြမ်းမှာ ပွင့်လင်းရာသီ တိုက်ပွဲတွေက အချိန်မရွေး ရှိနိုင်တာလည်း ပါမယ်။ နောက်တစ်ချက်က ပေါ်တာပေါ့။လမ်းခရီးမှာ အဲပြဿနာရှိမှာ ကြောက်ကြတော့ ပိတ်ရက် ဇာတိ ပြန်တဲ့သူတွေ ရှိတောင်မှ လူငယ်တွေတော့ မပြန်လောက်ဘူး”ဟု အောင်မင်္ဂလာအဝေးပြေးဝင်း အတွင်းရှိ ယာဉ်လိုင်းမန်နေဂျာတစ်ဦးက MPAသို့ပြောသည်။

ရန်ကုန်တွင် အလုပ်လုပ်နေသော လူငယ်အင်ဂျင်နီယာတစ်ဦးက ပေါ်တာကိုကြောက်သဖြင့် ၎င်း၏ ဇာတိမြေ မော်လမြိုင်မြို့သို့ ပြန်မည်မဟုတ်ကြောင်း ဆိုသည်။

“အခုဒီမှာ(ရန်ကုန်)နေနေတာတောင် ပေါ်တာကိုကြောက်လို့ သူငယ်ချင်းနဲ့ တိုက်ခန်းစပ်ဌားနေတာ ကိုတောင် ၂၀၂၄နှစ်ကုန်ပိုင်းကတည်းက မဌားတော့ဘဲနဲ့ အလုပ်ထဲမှာပဲ နေတော့မယ်။အလုပ်ထဲကျ တော့ တိုက်ခန်းထက် ပို လုံခြုံတယ်။ဇာတိပြန်ဖို့က လုံးဝမစဉ်းစားဘူး”ဟု ၎င်းက ပြောသည်။

ရန်ကုန်တွင် စက်ရုံဝန်ထမ်းလုပ်ကိုင်နေသည်မှာ ကြာပြီဖြစ်သော မုတ္တမမြို့သားတစ်ဦးကမူ တဖြည်း ဖြည်းလျော့နည်းလာသည့်ဝင်ငွေအရရော ပေါ်တာကြောင့်ပါ ဇာတိပြန်ရန် ဆန္ဒမရှိဟုဆိုသည်။

“မနှစ်တုန်းကတောင် ဒီအချိန်ဆို ဇာတိပြန်တဲ့သူတွေနဲ့ ကြိုတင်ဘွတ်ကင်တွေရှိနေပြီ။ဒီနှစ်ကတော့ ကျနော်တို့ အောက်ဘက်ခြမ်းမှမဟုတ်ဘူး။အထက်ဘက်ပြန်မယ့်သူလည်း ရှိလည်း နည်းနည်းပဲ”ဟု ယာဉ်လိုင်းမန်နေဂျာက ပြောသည်။

လာမည့် အောက်တိုဘာ၄ ရက်မှာ စနေနေ့ဖြစ်ပြီး အောက်တိုဘာ၅ရက်မှ ၇ရက်အထိသည် သီတင်းကျွတ်ရုံးပိတ်ရက်ဖြစ်သည်။

စာတည်း-ML