AFP
Facebook နှင့် Messenger အသုံးပြုသည့် ဆယ်ကျော်သက်များအတွက် အကာအကွယ်ပိုမိုပါဝင်သည့် “ဆယ်ကျော်သက်အကောင့်များ” ကို ကမ္ဘာတစ်ဝန်းလုံးတွင် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း Meta ကုမ္ပဏီက စက်တင်ဘာ ၂၅ ရက် တွင် ကြေညာလိုက်သည်။
အဆိုပါ ဝန်ဆောင်မှုကို အင်္ဂလိပ်စကားပြောနိုင်ငံကြီးများတွင် လွန်ခဲ့သောလများက စတင်ခဲ့ခြင်းဖြစ်သည်။
Meta ကုမ္ပဏီ ဘလော့ဂ်ပို့စ်တစ်ခုတွင် “ကျွန်တော်တို့ဟာ Instagram၊ Facebook နဲ့ Messenger တို့မှာ ဆယ်ကျော်သက် သန်းပေါင်းရာချီကို ဆယ်ကျော်သက်အကောင့်တွေထဲ ထည့်သွင်းပေးခဲ့ပြီးပြီဖြစ်လို့၊ အခုအခါမှာတော့ ကမ္ဘာတစ်ဝန်းက Facebook နဲ့ Messenger အသုံးပြုတဲ့ ဆယ်ကျော်သက်တွေအတွက်လည်း တိုးချဲ့လိုက်ပြီ ဖြစ်ပါတယ်” ဟု ဖော်ပြခဲ့သည်။
Meta ၏ ‘ဆယ်ကျော်သက်အကောင့်များ’ တွင် အသက် ၁၃ နှစ်မှ ၁၇ နှစ်အရွယ် အသုံးပြုသူများအတွက် ပိုမိုအားကောင်းသည့် လုံခြုံရေးဆိုင်ရာ ဆက်တင်များ၊ အကြောင်းအရာများ ကန့်သတ်ခြင်းနှင့် မိဘများ ထိန်းချုပ်နိုင်သည့် စနစ်များ ပါဝင်သည်။ အဆိုပါဝန်ဆောင်မှုကို Instagram တွင် မနှစ်က စတင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလတွင် ကုမ္ပဏီက အဆိုပါအကောင့်များကို အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျနှင့် ဗြိတိန်တို့ရှိ Facebook နှင့် Messenger တို့သို့ တိုးချဲ့ခဲ့သည်။
အဆိုပါ ကန့်သတ်ချက်များသည် “မိဘတွေ အများဆုံး စိုးရိမ်နေရတဲ့အချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ရည်ရွယ်ပြီး သူတို့ရဲ့ ဆယ်ကျော်သက်တွေ ဘယ်သူတွေနဲ့ အွန်လိုင်းမှာ စကားပြောနေသလဲ၊ ဘယ်လိုအကြောင်းအရာတွေကို ကြည့်နေသလဲဆိုတာ ကန့်သတ်ဖို့အတွက် အလိုအလျောက်ကာကွယ်မှုတွေနဲ့အတူ သူတို့ရဲ့ အချိန်တွေကို ကောင်းမွန်စွာ အသုံးပြုနိုင်ဖို့ သေချာစေပါတယ်” ဟု Meta က ပြောကြားခဲ့သည်။
အသက် ၁၆ နှစ်အောက် အသုံးပြုသူများအတွက် အဆိုပါ ကန့်သတ်ချက်များကို မိဘ၏ခွင့်ပြုချက်မရှိဘဲ ဖယ်ရှားနိုင်မည်မဟုတ်ပေ။
မကြာသေးမီနှစ်များအတွင်း လူငယ်များ၏ ဆိုရှယ်မီဒီယာအသုံးပြုမှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်လာခဲ့ပြီး ဝေဖန်သူများက ဖန်သားပြင်ကို အချိန်ကြာကြာကြည့်ရှုခြင်းနှင့် ပလက်ဖောင်းအချို့တွင် လုံလောက်သော ထိန်းချုပ်မှုမရှိခြင်းတို့အတွက် သတိပေးပြောဆိုခဲ့ကြသည်။
