စစ်ကော်မရှင်တပ် ကျောက်မဲမြို့နှင့် ပိုမိုနီးကပ်လာခြင်းကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေး

ာတ်ပုံ- TNLA
ပုံစာ-ကျောက်မဲမြို့အတွင်း စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် မြင်ကွင်း

By Poesangle/ MPA

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် ကျောက်မဲမြို့သို့ ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်တပ်သည် မြို့နှင့် ပိုမိုနီးကပ်လာသောကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီဟု စုံစမ်းသိရှိရသည်။

လက်ရှိ စစ်ကော်မရှင်သည် ကျောက်မဲမြို့နှင့် ငါးမိုင်သာ ကွာဝေးသည့် စခန်းသာကျေးရွာသို့ ရောက်ရှိလာပြီး လေကြောင်း အသုံးပြု ဗုံးကြဲတိုက်ခိုက်မှုများကို ပိုမိုပြုလုပ်လာကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

“တစ်နေ့က(စက်တင်ဘာ ၂၆ရက်) စခန်းသာထိရောက်လာတယ်လို့ ကြားတယ်။ လက်နက်ကြီးသံတွေကော၊ သေနတ်သံတွေကော ကြားနေရတယ်။ အခြေအနေက ပိုဆိုးလာတဲ့ အနေအထားရှိတယ်။ အဲ့ဒါကြောင့် လူကြီးတွေကို ဘေးလွတ်ရာ ခဏရှောင်ခိုင်းထားတယ်” ဟု ကြူရှောအုပ်စုတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။

ယမန်နေ့(စက်တင်ဘာ ၂၇ရက်)၊ ညနေ လေးနာရီခန့်ကလည်း စစ်ကော်မရှင်သည် ပန်သပြေကျေးရွာရှိ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းအပြင် အနီးနားရှိ နေအိမ် ၁၅လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ရသည်။

“မြို့အခြေအနေတော့ မကောင်းဘူးဗျ၊ လမ်းသွားလမ်းလာသူလည်း မရှိသလောက်ပါးတယ်။ မြို့လုံးခြုံရေးတပ်ဖွဲ့တွေကတော့ လေကြောင်းတိုက်ခိုက်မှုအထူးသတိထားဖို့တော့ ပြောတာရှိတယ်ဗျ၊ လားရှိုး၊ သီပေါဘက် ထွက်ပြေးတဲ့သူတွေလည်း ထွက်ပြေးကုန်ကြပြီ၊ အခုလောလောဆယ် ကျောက်မဲမြို့က စောင့်ကြည့်ရမဲ့ အနေအထားပေါ့” ဟု ကျောက်မဲမြို့ခံ အမျိုးသားတစ်ဦက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၆ရက်ကလည်း ပါပုတ်ကျေးရွာကို စစ်ကော်မရှင်က ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည့်အပြင် စက်တင်ဘာ ၂၃ရက်ကလည်း စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ပင်ပေါရွာခံ အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးနှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကျောက်မဲမြို့မှ လားရှိုးမြို့သို့ တိမ်းရှောင်လာသည့် စစ်ဘေးရှောင်ဦးရေသည် ရက်ပိုင်းအတွင်း တစ်ရာကျော်ရှိကြောင်း လားရှိုးမြို့ခံများက ပြောသည်။

“ ဒီနေ့ ထပ်ရောက်လာတဲ့ စစ်ဘေးရှောင်အပါဆိုရင် ရှစ်ရာကျော်ရှိပြီ၊ ကျတော်လည်း အခြားကိစ္စနဲ့ စစ်ဘေးရှောင်ဘက် သိပ်မလှည့်ဖြစ်ဘူး။ အခုလောလောဆယ်က တစ်ရာ ထပ်တိုးလာတယ်။ ကျတော်တို့ဆီ ဖုန်းဆက်လာပြီး အကူအညီတောင်းလာတဲ့သူတွေလည်းရှိတယ်” ဟု လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ယခုလအတွင်း စစ်ကော်မရှင်က TNLA ထိန်းချုပ်ထားသည့် ကျောက်မဲ၊ သီပေါနှင့် မိုးကုတ်မြို့နယ်မျာသို့ လေကြောင်း၊ လက်နက်ကြီးနှင့် အသေခံဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲကာ၊ ဘုန်ကြီးကျောင်း၊ စာသင်ကျောင်းအပါ နေအိမ် ၂၀ကျော်ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကို အမြဲသတိပြုပြီး လေကြောင်းရန်ကာကွယ်ရေး နည်းလမ်းများကို လိုက်နာဆောင်ရွက်ရန် TNLA က အသိပေးထားသည်။

စာတည်း-ကိုဆန်း