အပူပိုင်းတိုင်ဖွန်းမိုင်တိုင်း Bualoi (ဘလွိုင်း) သည် ယနေ့ နံနက် အစောပိုင်းအချိန်တွင် ဗီယက်နမ်နိုင်ငံ မြောက်ဘက်အလယ်ပိုင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် အိမ်များ ပျက်စီးကာ လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်ခဲ့သည်။
မုန်တိုင်းနှင့်အတူ ရေကြီးမှုနှင့် လှိုင်းလုံးကြီးများကြောင့် ၁ ဦးထက်မနည်း သေဆုံးပြီး ရေလုပ်သား ၁၂ ဦး ပျောက်ဆုံးနေသည်။
အမျိုးသားမိုးလေဝသခန့်မှန်းရေးအေဂျင်စီ၏ ထုတ်ပြန်ချက်အရ ဒေသစံတော်ချိန် နံနက် ၈:၀၀ နာရီ အချိန်တွင် မုန်တိုင်းသည် ငယ်အန် ပြည်နယ်အပေါ် ရောက်ရှိနေပြီး ၎င်းဝင်ရောက်ချိန်က အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ ၁၁၇ ကီလိုမီတာ မှ ၈၈ ကီလိုမီတာသို့ လျော့ကျသွားခဲ့သည်။
မုန်တိုင်းသည် ကုန်းတွင်းမဝင်မီ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် နာရီပေါင်းများစွာ ရွေ့လျားခဲ့ပြီး ၈မီတာ (၂၆ပေ) အထိ မြင့်သည့် လှိုင်းများ ဖြစ်ပေါ်စေခဲ့သည်။
ဟူအေး မြို့တွင် လူတစ်ဦး ရေကြီးရေလျှံမှုတွင် ပါသွားခဲ့ရာ သေဆုံးခဲ့ပြီး၊ ကွမ်ထရီ ပြည်နယ်ကမ်းလွန်တွင် လှိုင်းလုံးကြီးများကြောင့် ငါးဖမ်းလှေ လေးစီး နစ်မြုပ်သွားပြီး ရေလုပ်သား ၁၂ ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
တာဝန်ရှိသူများက မုန်တိုင်းမဝင်မီ လူပေါင်း ၂၈,၅၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ပြီး အလယ်ပိုင်းပြည်နယ်များရှိ လေဆိပ်လေးခုကို ပိတ်လိုက်သဖြင့် ရာနှင့်ချီသော လေကြောင်းခရီးစဉ်များ ဖျက်သိမ်းမှု၊ ကြန့်ကြာမှုများရှိခဲ့သည်။
စက်တင်ဘာ ၂၇ ရက်က စတင်၍ ဗီယက်နမ်နိုင်ငံအနှံ့အပြားတွင် မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ရာ အာဏာပိုင်များက ပြင်းထန်သော ရေကြီးမှုနှင့် မြေပြိုမှုအန္တရာယ်ကို သတိပေးထားသည်။
မိုးလေဝသအေဂျင်စီ၏ ခန့်မှန်းချက်အရ စက်တင်ဘာ ၂၈ ရက်ညမှ ၃၀ရက်နေ့အထိ နိုင်ငံ၏ အစိတ်အပိုင်းအချို့တွင် မိုးရေချိန် ၅၀၀ မီလီမီတာအထိ ရရှိမည်ဟု ခန့်မှန်းထားသည်။
တောင်တရုတ်ပင်လယ်ကို မျက်နှာမူထားသည့် ကမ်းရိုးတန်းရှည်လျားသော ဗီယက်နမ်သည် ဖိလစ်ပိုင်၏ အရှေ့ဘက်တွင် မကြာခဏဖြစ်ပေါ်တတ်သည့် တိုင်ဖွန်းမုန်တိုင်းဒဏ်ကို အလွယ်တကူ ခံရလေ့ရှိသည်။ ယခု Bualoi တိုင်ဖွန်းသည်လည်း ဖိလစ်ပိုင်နိုင်ငံတွင် ဝင်ရောက်တိုက်ခတ်ခဲ့ရာ ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်။
ဗီယက်နမ်တွင် ပြီးခဲ့သည့် ဇူလိုင်လက အပူပိုင်း တိုင်ဖွန်း Wipha သည် နိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းပြည်နယ်များကို ဝင်ရောက်တိုက်ခတ်ခဲ့ရာ ၃ဦးထက်မနည်း သေဆုံးကာ ငယ်အန်ပြည်နယ်တွင် တစ်ဦး ပျောက်ဆုံး ခဲ့သည်။ အိမ်ပေါင်း ၃,၇၀၀ ကျော် ပျက်စီးနစ်မြုပ်ခဲ့သလို စပါးခင်းနှင့် လယ်မြေများ ပျက်စီးခဲ့သည်။ ငယ်အန်ပြည်နယ်တစ်ခုတည်းရှိ ဆုံးရှုံးမှုတန်ဖိုးမှာ ဒေါင် ၃.၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၄၉ သန်း) နီးပါးရှိမည်ဟု အာဏာပိုင်များက ခန့်မှန်းခဲ့သည်။
ဩဂုတ်လနှောင်းပိုင်းကလည်း Kajiki အမည်ရှိ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ရာ သေဆုံးသူ ၃၀ နှင့် ဒဏ်ရာရသူ ၁၀ ဦး ရှိခဲ့သည်။ အိမ်ပေါင်း ၇,၀၀၀ ခန့် ပျက်စီးခဲ့ကာ စပါးခင်း ဟက်တာ ၂၈,၈၀၀ ရေလွှမ်းခဲ့ပြီး ပြည်နယ်အချို့ရှိ လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်ခဲ့သည်။
