စစ်ကော်မရှင် ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့များက ရွေးကောက်ပွဲစရိတ်ဟု ဆိုကာ ငွေညှစ်မှုများ ပြုလုပ်နေ

ဓာတ်ပုံ-လူမှုကွန်ရက်

ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့၌ စစ်ကော်မရှင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များက ရွေးကောက်ပွဲ စရိတ်ဟုဆိုကာ ပြည်သူများထံမှ ငွေညှစ်မှုများကို ပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ယခုလအတွင်း ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များ၌ စစ်ကော်မရှင် ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့များသည် မဲအစမ်းလာပေးရန် ပြည်သူများကို လိုက်လံဆော်သြမှုများ ပြုလုပ်လာရာ အချို့သော ဒေသခံများမှာ အလုပ်မအားသဖြင့် သွားရောက်ခြင်း မပြုနိုင်ကြပေ။

” ရပ်ကွက်ထဲ မဲ ပေး လေ့ကျင့်ဖို့ လိုက်အော်တယ် ကျမတို့က အလုပ်မအားတော့ မသွားဖြစ်လိုက်ဘူး။” ဟု မော်ကျွန်းမြို့နယ်နေ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

ထိုသို့ မသွားရောက်နိုင်သူများအား စစ်ကော်မရှင် ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်များက အိမ်ထောင်စု တစ်ခုလျှင် ငွေကျပ် သုံးသောင်း အနည်းဆုံးထား၍ ငွေတောင်းခံမှုများပြုလုပ်နေခြင်းဖြစ်သည်။

” ရွေးကောက်ပွဲ စရိတ်ဆိုပြီး သုံးသောင်း ကောက်သွားတာ။ မပေးလို့ မရဘူး။ မဲပေးလေ့ကျင့်တာ မလာတဲ့ အိမ်တွေကို ရွေးကောက်တာ” ဟု မော်ကျွန်းမြို့နေ အသက် ၃၀ အရွယ် လူငယ်တစ်ဦးက ဆိုသည်။

ယခုကဲ့သို့ ငွေညှစ်ခံရမှုကို ဒေသခံများက မကျေနပ်သော်လည်း မိသားစုဝင်များကို စစ်မှုထမ်း ဥပဒေဖြင့် အကြောင်းပြ ဖမ်းဆီးမည်ကို စိုးရိမ်သည့်အတွက် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ တောင်းသည့် ငွေကို ပေးနေရကြောင်း သိရသည်။

” မပေးရင် အိမ်က သားကို စစ်မှုထမ်း ခေါ်သွားမှာစိုးလို့ ပေးလိုက်ရတယ်။ မကျေနပ်ဘူး။ ဒါပေမဲ့ အရှည်အရှည် ဖြစ်လို့မရတဲ့ အခြေအနေမို့လို့ ငြိမ်ခံနေရတယ်” ဟု အသက် ၅၀ကျော်အရွယ် မြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

စစ်ကော်မရှင်သည် ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာထားပြီး မဲအစမ်းပေးမှုကို ၎င်းတို့ စိုးမိုးနယ်မြေများ၌ ပြုလုပ်နေရာ ယင်းအခြေအနေကို အခွင့်ကောင်းယူပြီး အုပ်ချုပ်ရေအဖွဲ့ဝင်များက ငွေညှစ်မှုများကို ပေါ်ပေါ်ထင်ထင်ပြုလုပ်နေခြင်းဖြစ်သည်။