မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာရှိ စစ်တပ်စခန်းကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။
စက်တင်ဘာ ၂၈ရက်တွင် ယင်းတပ်စခန်းကို သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ ( စက်တင်ဘာ ၂၉ရက် ) မွန်းလွဲပိုင်းအထိ စစ်တပ်က Y 12 လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ် ခဲ့ကြောင်း သိရသည်။
” ဂုတ်ကြီးစခန်းကို AA သိမ်းလိုက်ပြီလို့ မနေ့ညနေပိုင်းမှာ ကြားရပါတယ်။ ဘယ်အချိန်က သိမ်းပြီး ဘယ်လောက်ကြာအောင် တိုက်ခဲ့ရလဲဆိုတာတော့ အသေးစိတ်မသိဘူး။ ပွဲဖြစ်သံကြားတာတော့ ဒီနေ့နဲ့ဆို ၃ရက်ရှိပြီ။ ခုလည်း တိုက်ပွဲဖြစ်နေတုန်းပဲ။ စစ်တပ်ဘက်က ပြန်တိုးနေတယ် ” ဟု ငဖဲမြို့နယ်ရှိ စစ်ရေးသတင်းရင်းမြစ်က MPA ကို ပြောသည်။
ဂုတ်ကြီးကျေးရွာသည် အမ်း – ပဒါန်း လမ်းသစ်ပေါ်တွင် တည်ရှိပြီး ယင်းရွာ၏ အရှေ့တောင်ဘက်ခြမ်းရှိ တောင်ကုန်းပေါ်တွင် စစ်တပ်က လက်နက်ကြီးအထိုင်ချကာ ပစ်ကူပေးနေကြောင်း သိရသည်။
” ဂုတ်ကြီးဘက်က ရဲမိသားစုတွေ အကုန် ထွက်ပြေးနေကြပြီ။ ဘယ်ပြေးလဲတော့ မပြောတတ်ဘူး။ လေကြောင်းပစ်တာရော၊ လက်နက်ကြီးပစ်တာရော တရစပ်ပဲ။ တစ်နေ့ကတည်းက တစ်ချိန်လုံး ပစ်နေတာ။ ညသန်းခေါင်လောက်ပဲ နားတယ်။ ခုတော့ လက်နက်ကြီး ပစ်သံ နည်းနည်းပြန်ငြိမ် သွားပြီ ” ဟု ၎င်းက ယနေ့ မွန်းလွဲ ၂နာရီ၌ ပြောသည်။
ဂုတ်ကြီးကျေးရွာသည် ပဒါန်းမြို့နှင့် ၁၀ မိုင်ခန့်အကွာ၌ တည်ရှိပြီး အိမ်ခြေ ၈၀ ခန့်ရှိကာ ချင်းလူမျိုး များ အများဆုံးနေထိုင်ကြသည်။ ငဖဲမြို့ပေါ်နှင့်ဆိုလျှင် ၂၇မိုင်ခန့်ကွာဝေးပြီး အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံ ( ကပစ ၁၄ ) နှင့်လည်း ၂၄မိုင်ခန့်ကွာဝေးကြောင်း သိရသည်။
ယင်းစခန်းကို သိမ်းပိုက်နိုင်မှုနှင့် ပတ်သက်၍ အာရက္ခတပ်တော် AA က တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
