ဘီးလင်းလွှတ်တော်ကိုယ်စားလှယ် တောခိုပြီးနောက် ကလေးမွေးဟု စစ်လော်ဘီများ အပုပ်ချ တိုက်ခိုက်ထား သော သတင်းအမှား

၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဘီးလင်းမြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် နှစ်ကြိမ်ဆက် ရွေး ကောက်ပွဲအနိုင်ရရှိထားသူ NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာသည် တောခိုပြီးနောက် ကလေးမွေးဟု စစ်တပ်လော်ဘီများက ပုဂ္ဂိုလ်ရေးအပုပ်ချတိုက်ခိုက်မှုများဖြင့် သတင်းအမှား ဖြန့်ဝေထားသည်။

သတင်းမီဒီယာကဲ့သို့ အယောင်ဆောင်၍ စစ်ကော်မရှင်နှင့် စစ်တပ်အတွက် လော်ဘီလုပ်နေသော “Truth Media” တယ်လီဂရမ်ချန်နယ်က ဒေါ်သီရိရတနာသည် ၂၀၂၁ တွင် တောထဲဝင်သွားပြီးနောက် မည်သည့် ယောကျာ်းဖြင့် ဗိုက်ကြီးသွားမှန်းမသိကြောင်း၊ ၂၀၂၅ စက်တင်ဘာ ၂၈ရက်တွင် ကလေးဖြစ်သူမှာ အရွယ် ရောက်ပြီဟု ဒေါ်သီရိရတနာအား အပုပ်ချတိုက်ခိုက်ထားသော အသုံးအနှုန်းများရေးသား၍ ဒေါ်သီရိရတနာက ကလေးငယ်တစ်ဦးကို ပွေ့ချီထားသော ဓာတ်ပုံနှင့် အတူ ဖြန့်ဝေထားသည်။

သတင်းအမှားလင့်ခ် – https://archive.ph/us6qJ

ထိုသို့ ဖြန့်ဝေထားသော အကြောင်းအရာကို “နေပြည်တော်” တယ်လီဂရမ်ချန်နယ်က ကူးယူဖြန့်ဝေထား သဖြင့် ပျံ့နှံ့မှုနှုန်းများပြားနေသည်။

နေပြည်တော် – https://archive.ph/Yg4SR

စစ်လော်ဘီများ အပုပ်ချတိုက်ခိုက်ထားသော အကြောင်းအရာကို Myanmar Fact-Checking Network ၏ အဖွဲ့ဝင်မီဒီယာဖြစ်သည့် MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိ ရသည်။

သတင်းစိစစ်ချက်

ဘီးလင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာ၏ ဖေ့ဘွတ်ခ်အကောင့်က စက်တင်ဘာ ၂၃ရက်တွင် ကလေး ငယ်တစ်ဦးကို ပွေ့ချီထားသော ရုပ်သံဖိုင်တစ်ခုကို တင်ထားသည်။

အဆိုပါ ကလေးငယ်ပါဝင်သော ရုပ်သံဖိုင်တွင် “my little prince”ဟု ရေးသားထားသည်။

ရုပ်သံဖိုင်အောက်တွင် ကလေးအမေဖြစ်သွားပြီလားဟု မေးမြန်းထားသော မှတ်ချက်များအား ဒေါ်သီရိရတနာက ကလေးငယ်သည် သူမ သူငယ်ချင်း၏ ကလေးဖြစ်ကြောင်း ပြန်လည်ဖြေရှင်းထားသည်။

ရုပ်သံဖိုင်အပြည့်အစုံ – https://bitly.cx/X8N8m

သုံးသပ်ချက်

ဘီးလင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာသည် သူမ၏ ဖေ့ဘွတ်ခ်တွင် သူငယ်ချင်း၏ ကလေး ငယ်နှင့်အတူ ရုပ်သံဖိုင်တစ်ခု တင်ထားသည်။
အဆိုပါ ရုပ်သံဖိုင်ကို screenshot ရိုက်၍ စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များက တောခိုပြီးနောက် ကလေးမွေးဟု ဖြန့်ဝေထားခြင်းဖြစ်သည်။

စစ်တပ်လော်ဘီများသည် NUGအစိုးရခေါင်းဆောင်ပိုင်းများ၊ PDF နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ မြန်မာနွေဦးတော်လှန်ရေးတွင် ပါဝင်သူများ၊ ကူညီထောက်ပံ့သူများ စသည်တို့ကို အပုပ်ချတိုက် ခိုက်ခြင်းများ ပြုလုပ်လေ့ရှိသည်။

စစ်လော်ဘီများ ယခင်က ဖြန့်ဝေခဲ့ဖူးသော သတင်းအမှားလင့်ခ်များhttps://bitly.cx/5DQ1L https://bitly.cx/kvciJ https://bitly.cx/3fqxE

စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်က ဘီးလင်းလွှတ်တော်ကိုယ်စားလှယ်ကို တောခိုပြီးနောက် မည်သည့် အမျိုးသားနှင့် ရပြီး ကလေးမွေး ဟု ဖြန့်ဝေထားခြင်းသည် အပုပ်ချ တိုက်ခိုက်ထားသော သတင်းအမှားဖြစ် သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။