ရန်ကုန်ပို့မည့် မူးယစ်ဆေး ကုန်ကြမ်းအမြောက်အမြား သုံးခွ ပင်လယ်ကမ်းစပ်ရွာတွင် မိ

ဓာတ်ပုံ-Travel with Me
ပုံစာ- သမစိတ္တရွာအနီး ပင်လယ်ကမ်းစပ်တစ်နေရာ။

ရန်ကုန်သို့ ပို့မည့် စိတ်ကြွရူးသွပ်မူးယစ်ဆေးဝါး ထုတ်လုပ်နိုင်သည့် ကုန်ကြမ်းအမြောက်အမြားကို
ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ယင်းကုန်ကြမ်းများကို ပင်လယ်ပြင်ဖြတ်ကာ စက်လှေကြီးဖြင့် သယ်ဆောင်လာခြင်းဖြစ်ပြီး ရန်ကုန် တောင်ပိုင်းခရိုင်၊သုံးခွမြို့နယ်အပိုင် ပင်လယ်ကမ်းစပ်ရှိ သမစိတ္တရွာ၌ စက်တင်ဘာ၂၇ရက်က ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံက သိရသည်။

“စက်လှေက သမစိတ္တရွာနားမှာ ကပ်ပြီး ငါးကစ်(ငါးများထည့်သည့်ပုံး)တွေထဲ ထည့်ထားတဲ့ အဲကုန်ကြမ်းတွေကို သယ်ချနေတဲ့အချိန် သတင်းအရ ရဲတွေက စောင့်ဖမ်းတာ။အဲဒီကုန်ကြမ်း တွေကို ကားတွေနဲ့ ရန်ကုန်ပို့ဖို့ ဌားထားတဲ့ကားတွေက အဲမှာ အဆင်သင့်စောင့်နေတာ။ကား သမားတွေက အချောင်အဖမ်းခံထားရတယ်။သိရသလောက် ကားသမားတွေက ကားဌားလို့ လာ ကြတာ။ဘာပစ္စည်းလဲ သိတာမဟုတ်ဘူး”ဟု ၎င်းက MPAသို့ပြောသည်။

မူးယစ်ကုန်ကြမ်းတင်လာသည့် စက်လှေပေါ်မှ တာဝန်ရှိသူတစ်ဦးမှာ ရေထဲခုန်ချကာ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။

“ဒီနေ့အထိသိရတဲ့ နောက်ဆုံးသတင်းက စစ်နေတုန်းပဲ။ဘယ်သူ့ပစ္စည်းလဲ၊ရန်ကုန်က ဘယ်နေရာကို ပို့မလဲဆိုတာ စစ်နေတုန်းပဲ။ရန်ကုန်က အကောင်ကြီးကြီးတွေနဲ့ ပတ်သက်ရာပတ်သက်ကြောင်းတွေ လို့ ပြောကြပေမဲ့ အတည်မပြုနိုင်ဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းမူးယစ်ဆေး ကုန်ကြမ်းများ ဖမ်းဆီးမိခြင်းကြောင့် ရန်ကုန်တွင် စိတ်ကြွရူးသွပ်မူးယစ်ဆေးများ ထုတ်လုပ်နေသည်ဟု ပြောနိုင်ကြောင်း ၎င်းက ဆိုသည်။

စာတည်း-ML