Reutersပုံစာ— ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း တန့်ဟွာပြည်နယ်တွင် စက်တင်ဘာ ၂၉ ရက်က တိုင်ဖွန်းဘလွိုင်း ဝင်ရောက်တိုက်ခတ်ပြီးနောက် အပျက်အစီးများကို တွေ့ရစဉ်၊
ယခုသီတင်းပတ်အတွင်း တိုက်ခတ်ခဲ့သည့် ဘလွိုင်းတိုင်ဖွန်းကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ခန့်မှန်းခြေ ဒေါင် ၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၀၃ သန်း) ရှိကြောင်း ဗီယက်နမ်အစိုးရက ထုတ်ပြန်ထားသည်။
ကနဦး လေ့လာ သုံးသပ်ချက်တွင် အိမ်ခြေ ၁၇၀,၀၀၀ နီးပါး ပျက်စီးခဲ့ခြင်း သို့မဟုတ် ရေလွှမ်းမိုးခံခဲ့ရကြောင်း အောက်တိုဘာ ၁ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘလွိုင်းတိုင်ဖွန်းသည် စက်တင်ဘာ ၂၉ ရက်က ဗီယက်နမ်မြောက်ပိုင်း အလယ်ဗဟို ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ပြီး၊ ကြီးမားသော ပင်လယ်လှိုင်းများ၊ လေပြင်းများနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကို ဖြစ်ပေါ်စေခဲ့ပြီး သေဆုံးသူ ၂၉ ဦးနှင့် ပျောက်ဆုံးနေသူ ၂၂ ဦးရှိကြောင်း သဘာဝဘေး စီမံခန့်ခွဲရေးအေဂျင်စီက ထုတ်ပြန်ထားသည်။
အဆိုပါ တိုင်ဖွန်ကြောင့် လမ်းများ၊ ကျောင်းများနှင့် ရုံးများ ပြင်းထန်စွာ ပျက်စီးခဲ့ရသည့်အပြင် လျှပ်စစ်ဓာတ်အားလိုင်းများပါ ပျက်စီးမှုဖြစ်ပွားပြီး မိသားစု သောင်းနှင့်ချီ၍ မီးပြတ်တောက်ခဲ့သည့်အပြင် စပါးနှင့် အခြားသီးနှံ ဟက်တာ ၃၄,၀၀၀ ကျော် ပျက်စီးခဲ့သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ တိုင်ဖွန်ကြောင့် ဗီယက်နမ်မြောက်ပိုင်းတစ်လျှောက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး၊ မြို့တော် ဟနွိုင်းနှင့် လေကြောင်းနှင့် ရထားလမ်း ဝန်ဆောင်မှုများကိုပါ ပြတ်တောက်စေခဲ့သည်။ ဟနွိုင်းတွင်လည်း ကျောင်းများ ပိတ်ထားရပြီး အိမ်များစွာ ရေလွှမ်းမိုးခံခဲ့ရသည်။
တောင်တရုတ်ပင်လယ်ကို မျက်နှာမူထားသော ရှည်လျားသည့် ကမ်းရိုးတန်းရှိသည့် ဗီယက်နမ်သည် သေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်စေသော တိုင်ဖွန်များ၏ ဒဏ်ကို ခံရလေ့ရှိသည်။ ပြီးခဲ့သည့်နှစ်ကလည်း ယာဂီ (Yagi) တိုင်ဖွန်ကြောင့် လူ ၃၀၀ ခန့် သေဆုံးခဲ့ရပြီး ဗီယက်နမ်မြောက်ပိုင်းတစ်လျှောက် ပျက်စီးဆုံးရှုံးမှုသည် အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံခန့် ရှိသည်ဟု ခန့်မှန်းခဲ့ကြသည်။
