အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရောက်နေသည့် မန္တလေးမြို့ နန်းတွင်းထဲရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲသို့ ရှော့တိုက်ဒုံး ၂လုံး အောင်မြင်စွာပစ်သွင်းနိုင်ခဲ့ကြောင်းသိရသည်။
အောက်တိုဘာလ ၄ ရက်၊ နံနက်၆ နာရီ ၁၅ မိနစ်ခန့်တွင် အာဏာသိမ်း စစ်ခေါင်းဆောင် ခေတ္တတည်းခိုနေသည့် မန္တလေးမြို့၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးကို အောင်မြင်စွာပစ်သွင်းနိုင်ခဲ့ကြောင်း Brave Warriors For Myanmar က သတင်းထုတ်ပြန်သည်။
“ဒီနေ့မနက်စောစော အလုံးကြီးအသံ ကြားတာအမှန်ပဲ။ဘယ်ကနေ ဘယ်ကို ပစ်သလဲတော့ မသိ ဘူး။ အခုကြားရသလို မင်းအောင်လှိုင်ရောက်နေတဲ့ နန်းတွင်းထဲ ပစ်တယ်ဆိုရင်တော့ မှန်ပါစေလို့ ဆုတောင်းပေးရမှာပေါ့။မင်းအောင်လှိုင်ကို မထိတောင် တိုင်းမှူးလောက်ထိလည်း မနည်းဘူး”ဟု မန္တလေးမြို့ခံ၊လူမှုကူညီရေးသမားတစ်ဦးက MPAသို့ပြောသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲသို့တက်ရောက်ရန် အောက်တိုဘာ ၃ ရက်နေ့ ညပိုင်းတွင် ပြင်ဦးလွင်မှ မန္တလေးသို့ရောက်ရှိလာပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်း၌ တည်းခိုနေသည်ဟု သတင်းရရှိခဲ့ကြောင်း BWM ကဆိုသည်။
မန္တလေးတက္ကသိုလ်ရာပြည့်ပွဲတွင် မင်းအောင်လှိုင်သည် အရပ်သားပြည်သူ အများအပြားအား လူသားဒိုင်းဖြစ်အကာအကွယ် ယူပြီး ပွဲတက်မည်ဖြစ်သဖြင့် အခမ်းအနားကို တိုက်ခိုက်ခြင်းက နေရာအတိအကျ ဖြစ်၍ ပိုမိုလွယ်ကူသော်လည်း အရပ်သားပြည်သူများပါ ထိခိုက်မည့်အပေါ် ရှောင်ရှားလိုသောကြောင့် မင်းအောင်လှိုင်ခေတ္တတည်းခိုရာ လပခ အတွင်းသို့ ညတွင်းချင်း တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
လပခ အတွင်းသို့ ပစ်ခတ်မှုကြောင့် စစ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း သိရသည်။
ယခုမစ်ရှင်သည် နာရီပိုင်းအတွင်း လျှပ်တစ်ပြက်စီစဉ်ရသော မစ်ရှင် ဖြစ်သော်လည်း စစ်ခေါင်းဆောင်ကို အမှန်တကယ်ခြိမ်းခြောက် နိုင်သော မစ်ရှင်ဖြစ်သည့် အတွက်ကူညီအားဖြည့်ပေးသော နယ်မြေခံ မဟာမိတ်တို့အား အထူးကျေးဇူးတင်ကြောင်း BWM ကထုတ်ပြန်သည်။
ယင်းတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင် စီမံမှုဖြင့် No More Dictatorship (NMD-PDF) အဖွဲ့၊ People Servant Force ( P.S.F ) နှင့် ရတနာပုံတပ်ဦးအဖွဲ့တို့က BWM ၏ Mission 46 အဖြစ် အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။
စာတည်း-ML
