အာဏာသိမ်းစစ်အုပ်စု၏ မတရားဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်ပြန်လွတ်ပြီဆိုသည့် သတင်းအတုများ ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့လျက်ရှိသည်။
သရုပ်ဆောင်၊ အဆိုတော် ချစ်သုဝေ၏ နာမည်ကို ယူသုံး၍ ဖွင့်ထားသော Tik Tok အကောင့်တစ်ခုက ၂၀၂၅ အောက်တိုဘာ ၃ရက်တွင် ဒေါ်အောင်ဆန်းစုကြည် အောက်တိုဘာ ၁၇ရက်တွင် ပြန်လွတ်လာတော့မည်ဖြစ် ကြောင်း ရေးတင်ထားသည်။
“Treza_chit.thu.wai” အမည်ရှိ Tik Tokအကောင့်က “ အမေ ၁၇ရက်ကျရင် ပြန်လွတ်လာတော့မယ်။ အမေနဲ့ ပြန်ဆုံဖို့ကို မစောင့်နိုင်တော့ဖူး။ ခုနှစ်ရက်သားသမီး ပို့သသောမေတ္တာနဲ့ ကျန်းမာစွာရှိနေပေးပါ။ အမေ့သားသမီး မှန်ရင် အပေါင်းလေး နှိပ်ခဲ့ပေးနော်” ဟု ရေးသားဖြန့်ဝေထားခြင်းဖြစ်သည်။
သတင်းအတုလင့်ခ် – https://archive.ph/yrP6I
ထို့အပြင် Celegram အမည်ရှိ ယူကျူ့ချန်နယ်က ၂၀၂၅ စက်တင်ဘာ ၂၂ရက်တွင် “အမေစုကို မင်းအောင်လှိုင် လွတ်ပေးဖို့ လုပ်ရပြီ” ဟု ရေးသားထားသော ရုပ်သံဖိုင်တင်ထားသည်။
ရုပ်သံဖိုင် လင့်ခ် – https://archive.ph/RdKjc
ဆိုရှယ်မီဒီယာများတွင် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ပြီဟူ၍ ဖြန့်ဝေလျက်ရှိသော အကြောင်းအရာများကို Myanmar Fact-Checking Network၏ အဖွဲ့ဝင် မီဒီယာဖြစ်သည့် MPA က စစ်ဆေးရာ သတင်းအတုဖြစ် ကြောင်း စိစစ်တွေ့ရှိသည်။
သတင်းစိစစ်ချက်
Google တွင် “ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ပြန်လွတ်” ဟုရေးသားရှာဖွေရာ ယုံကြည်စိတ်ချရသော သတင်းမီဒီယာများက ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ပြီဟု ရေးသားဖော်ပြထားခြင်းမရှိသေးပေ။
သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးရန် တောင်းဆိုဆန္ဒထုတ်ဖော်မှုများ၊ နိုင်ငံတကာက ဖိအားပေး တောင်းဆိုမှုများရှိနေကြောင်း သတင်းမီဒီယာများက သတင်းဖော်ပြထားသည်။
The Irrawaddy သတင်းတွင် အမေရိကန်ရောက် မြန်မာနိုင်ငံသားများက ဝါရှင်တန်ရှိ တရုတ်သံရုံးကို ဆန္ဒပြခဲ့ကြကြောင်း၊ တရုတ်အစိုးရက မင်းအောင်လှိုင်ကို လက်နက်နှင့် နည်းပညာကူညီမှုများအပေါ် ဆန့် ကျင်ကန့်ကွက်ကြောင်း၊ အတုအယောင်ရွေးကောက်ပွဲကို မထောက်ခံရန်နှင့် တရုတ်အစိုးရအနေဖြင့် မြန်မာပြည်သူများနှင့် မပူးပေါင်းဘဲ မင်းအောင်လှိုင်နှင့် ပူးပေါင်းမှုအား ချက်ချင်းရပ်တန့် တောင်းဆိုဆန္ဒပြခဲ့ကြောင်း ရေးသားထားသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် သက်ရှည်ကျန်းမာရေးအတွက် ဝါရှင်တန်ဒီစီရှိ သမ္မတ အိမ်ဖြူတော်ရှေ့၌ ဆုတောင်းခြင်၊ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းဖော်ပြထားသည်။
The Irrawaddy – https://bitly.cx/G4zp
DVB သတင်းတွင် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများရပ်တန့်ရန်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို ပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီစနစ် ထူထောင်ရန် ဂျပန်အစိုးရက တောင်းဆိုထားကြောင်း ရေးထားသည်။
သတင်းလင့်ခ် – https://bitly.cx/4LnlN
CJ Platform သတင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကင်မ်အဲရစ်က သူ့မိခင်ကို လွှတ်ပေးရန် မြန်မာစစ်အုပ်စုကို တိုက်တွန်းပေးရန်အတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တောင်းဆိုခဲ့ကြောင်း ရေးသားထား သည်။
သတင်းလင့်ခ် – https://bitly.cx/H6vum
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း စက်တင်ဘာ ၆ရက်တွင် အာဏာသိမ်းစစ်အုပ်စု၏ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။
ထို့သို့ ပြောဆိုထားသော်လည်း အသက် ၈၀နှစ်အရွယ်ရှိပြီသော ဒေါ်အောင်ဆန်းစုကြည်အတွက် သားဖြစ်သူ ကင်မ်အဲရစ် အပါအဝင် မြန်မာပြည်သူများက စိုးရိမ်ပူပန်နေကြသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးရန် စစ်အုပ်စုကို နိုင်ငံတကာအသိုင်းအဝိုင်းနှင့် မြန်မာပြည်သူများစွာက တောင်းဆိုထားသော်လည်း ထူးခြားမှု တစ်စုံတစ်ရာမရှိသေးပေ။
ဆိုရှယ်မီဒီယာများတွင် ပျံ့နံ့နေသော ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ပြီ ဟု ဖြန့်ဝေနေသော သတင်းများသည် လုပ်ကြံဖန်တီးထားသော သတင်းအတုများဖြစ်သည်။
အထက်ပါသတင်းအချက်အလက်စစ်ဆေးမှုများသည် အောက်တိုဘာ ၄ ရက် နံနက်ပိုင်းအချိန်ထိ စစ်ဆေး တွေ့ရှိထားသော သက်သေပြအချက်အလက်များ ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
Editor- Wazza
