ယခုရက်ပိုင်းအတွင်း လူငယ်၊ လူလတ်နဲ့ လူကြီး အလွှာမျိုးစုံတွင် ကွန့်တန့်မော်နီတိုင်ဇေးရှင်း (content monetization) ပွင့်ချင်သည့် စိတ်များ ပြင်းထန်နေသည်ကို တွေ့မြင်နေရသည်။
Facebook Meta ကနေ ပေ့ချ်များ၊ အကောင့်များတွင် မိမိတင်သည့် Content များ၊ ဓာတ်ပုံများ၊ ဗီဒိယိုများစသဖြင့် လူစိတ်ဝင်စားစရာကောင်းပြီး လူအများ စိတ်ဝင်စားနိုင်သည့် အကြောင်းအရာများကို တင်လျှင် သတ်မှတ်ချက်များနှင့်အညီ ငွေကြေးများပေးသည်။
ယခင်ကတည်းက မိမိတို့ ယုံကြည်ရသည့် ပေ့ချ်များ၊ အကောင့်များတွင် like၊ Follow နှင့် Comment များပေးခြင်းဖြင့် ပေ့ချ်များ၊ အကောင့်များ ဝင်ငွေများ ရရှိအောင် ကူညီပေးကြသည်များရှိကြသည်။
နွေဦးတော်လှန်ရေးတွင် အမှန်တကယ်ပါဝင်ပြီး ထဲထဲဝင်ဝင် လုပ်ဆောင်နေကြည့် လူပုဂ္ဂိုလ်များ၊ ပေ့ချ်များတွင် အများဆုံး တွေ့ရှိနိုင်သည်။
သို့သော်လက်ရှိတွင် ဖြစ်ပေါ်လာသည့် ကွန့်တန့်မော်နီတိုင်ဇေးရှင်း (content monetization) ကိစ္စက ရှေးကနှင့် မတူတော့ဘဲ ပြန့်ကြဲလာခဲ့သည်။
ကွန့်တန့်မော်နီတိုင်ဇေးရှင်း (content monetization) ရရှိအောင် ပေ့ချ်များနှင့် လုပ်ဆောင်ကြသည်မှာ ကိစ္စမရှိနိုင်သော်လည်း လက်ရှိတွင် အကောင့်များ အချင်းချင်း တစ်ဦးနှင့် တစ်ဦး အပြန်အလှန် Follow လုပ်ကြရင်း လုံခြုံရေး စည်းများ လျော့ရဲလာတော့သည်။
ယခင်က မိမိပရိုဖိုင်များကို လော့ခတ်ရင်း လုံခြုံရေးစည်းကို မြှင့်တင်ထားသည့်သူများပင်လျှင် လော့များဖွင့်ပြီး Meta ၏ ကွန့်တန့်မော်နီတိုင်ဇေးရှင်း (content monetization) မှ ငွေရရှိရေးအတွက် ကြိုးပမ်းလာကြသည်။
ယင်းလုပ်ဆောင်မှုများတွင် ဂရုများဖွဲ့ကာ မိမိနှင့် ယခင်က မသိသူများနှင့်ပါ မိတ်ဆွေအဖြစ် သို့မဟုတ် Follow များ ဖြစ်ကုန်ကြသည်။
Facebook အကောင့်သည် မိမိ၏ လုံခြုံရေးအတွက် ယခုလို ခေတ်ရေစီးတွင် များစွာ အရေးပါလှပါသည်။ ကွန့်တန့်မော်နီတိုင်ဇေးရှင်း (content monetization) မှ ရရှိသည့် ငွေကြေးတစ်ခုတည်းဖြင့် မိမိ၏ လုံခြုံရေးစည်းများကို ဖွင့်ပေးလိုက်လို့ မရပေ။
အကောင့်တုများဖြင့် မိမိကို ချဉ်းကပ်လာနိုင်သလို၊ ကျားဖြန့်ကိစ္စများသည်လည်း တစ်ခန်းပြန်လည် တိုးပွားလာနိုင်သည်။ အွန်လိုင်းငွေလိမ်ခြင်း၊ အွန်လိုင်းခြိမ်းခြောက်ခြင်း၊ အကောင့်အစက်ခံရနိုင်ခြင်း၊ မိမိနှင့် မသိသောသူ မသမာသူနှင့် အကောင့်တွင် မိတ်ဆွေဖြစ်နေခြင်းကြောင့် မိမိ၏ စိတ်ချယုံကြည်ရသည့် မိတ်ဆွေသီးသန့် ကိုယ်ပိုင်နယ်ပယ်ထဲက ဓာတ်ပုံများလည်း မတော်တရော် အသုံးချမှုများလည်း ရှိလာနိုင်သည်။
မသမာသူများက မိမိကို ပြန်လည်စောင့်ကြည့်ပြီး မိမိ၏ ကိုယ့်ရေးကိုယ်တာအချက်အလက်၊ ဘယ်သူတွေနှင့် ခင်မင်နေသည်၊ ဘယ်သူတွေနှင့် သွားလာနေသည်၊ မိမိ၏ အခြေအနေများကို အလွယ်တကူ စောင့်ကြည့်နိုင်သွားမည်ဖြစ်သည်။
ယခု အခြေအနေနှင့် ကွန့်တန့်မော်နီတိုင်ဇေးရှင်း (content monetization) မှ ငွေရရှိအောင် လုပ်ဆောင်မှုများ၊ ဂရုဖွဲ့ ကူညီနေမှုများသည် Privacy ထိခိုက်မှု အမြင့်ဆုံး ပြန်လည် ရောက်ရှိလာသည့် ပုံစံမျိုးဖြစ်သည်။
အထူးသဖြင့် အနိမ့်ဆုံး mutual friend မရှိလျှင် ယခင်လို အကောင့်လက်မခံသင့်၊ လုံခြုံရေး စိတ်ရသည့် ငွေရှာသူများအတွက်တော့ မပြောလိုပေ။ ယခုကာလတွင် လူတိုင်း ငွေလိုအပ်လှသည့်မှန်သော်လည်း ငါးစာအပြင် ငါးမျှားချိတ်ကိုလည်း ကြည့်တတ်ရန်လိုအပ်လှပါသည်။
ကွန့်တန့်မော်နီတိုင်ဇေးရှင်း (content monetization) က မည်သည့်အချိန် ပွင့်မည်မသိသော်လည်း မိမိ၏ အကောင့်မှာ မသိသူ၊ မသမာသူများ၏ အကောင့်များနှင့် မိတ်ဆွေဖြစ်သွားခြင်းကြောင့် အနာဂတ်တွင် မလိုလားအပ်သည့် ပြဿနာများ ရရှိနိုင်သည်က ပိုမို နီးစပ်နေသည်ဟု ဆိုလိုက်ချင်ပါသည်။
စာတည်း-ကိုဆန်း
