ကြို့ပင်ကောက်၊ ရေငံရွာကို စစ်တပ် မီးရှို့ပြီး ပြည်သူ ၈ဦးအား စစ်မှုထမ်းရန် ဖမ်း

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် စစ်‌ကြောင်းက ရွာကိုမီးရှို့ပြီး ပြည်သူ ၈ဦးအား စစ်မှုထမ်းရန် ဖမ်းဆီးသွားကြောင်းသိရသည်။

ယနေ့ (အောက်တိုဘာ ၅ရက်) နံနက် ၇နာရီခွဲခန့်တွင် အလယ်ကုန်းရဲစခန်းမှ ထွက်လာသည့် အင်အား ၁၅၀ကျော်ပါစစ်ကြောင်းကို ဒေသခံပြည်သူများက ရွာ၌ တည်းခိုခွင့်မပေး၍ဆိုသည့် အကြောင်းပြချက်ဖြင့် ရေငံရွာအား မီးရှို့ခဲ့ကြောင်းသိရသည်။

” ရွာသားတွေကတော့ သူတို့ရွာကို မတည်းဖို့ပြောတယ်။ အဲဒါကို ဘာလို့ မတည်းဖို့ ပြောတာလဲဆိုပြီးတော့ မင်းတို့လည်းPDF တွေနဲ့ ဘာမှမထူးဘူးဆိုပြီး အဲ့လို မီးရှို့တာလို့ ကြားတယ်” ဟု သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁ တပ်ခွဲမှူး ရဲဘော်ကရင်လေးက MPAသို့ပြောသည်။

ရေငံရွာသို့ ယခု စစ်ကြောင်းဝင်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သဖြင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခြင်းမရှိကြောင်းနှင့် ယင်းစစ်ကြောင်းက အမျိုးသား ၈ဦးကို ဖမ်းဆီးခြင်းနှင့် နေအိမ်များကို မီးရှို့ခြင်းတို့ ပြုလုပ်မှသာ ကြောက်လန့်ကာ ထွက်ပြေးတိမ်းရှောင်ကြကြောင်း သိရသည်။

” ဒါပထမဆုံးပဲ။ ဖမ်းဆီးခံထားရတာကတော့ ခုလက်ရှိ ၈ယောက်လို့ကြားတယ်။ လူငယ်တွေရော ကြီးတဲ့အပိုင်းတွေ ရောပါမှာပေါ့။ ကျန်တဲ့ပြည်သူတွေကတော့ ထွက်ပြေးကုန်တာပေါ့။ ရွာထဲမှာ အဲ့လိုမီးတွေ ဘာတွေရှို့တော့ လန့်ဖြန့်ကုန်တာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

ဖမ်းဆီးခံရသည့် ၈ဦးကို စစ်မှုထမ်းရန်အတွက် အလယ်ကုန်းရဲစခန်းမှ တစ်ဆင့် ကြို့ပင်ကောက်မြို့ပေါ်သို့ ကားဖြင့် ပို့ဆောင်လိုက်ကြောင်းသိရသည်။

ယင်းစစ်ကြောင်းသည် ရေငံရွာထဲတွင် ယနေ့ညနေပိုင်းအထိ ရှိနေသေးသဖြင့် မီးလောင်ပျက်စီးမှု အခြေအနေကို မသိရသေးပေ။

အလယ်ကုန်းရဲစခန်းနှင့် ရေငံရွာသည် တစ်ရွာကျော်သာဝေးကြောင်းသိရသည်။

ရေငံရွာသည် စစ်ကော်မရှင်စိုးမိုးနယ်မြေထဲတွင် ပါဝင်ပြီး ကြို့ပင်ကောက်မြို့နှင့် ၇မိုင်ခန့်ဝေးသည်။

စာတည်း-ML