ညသန်းခေါင် လေကြောင်းတိုက်ခိုက်မှုကြောင့် လူသေဆုံးမှု အများဆုံးဖြစ်နေ

ဓာတ်ပုံ- Mogok Latest News
ပုံစာ- ဩဂုတ်၂၅ရက်၊ည ၁၀နာရီ ၅၅မိနစ်ခန့်တွင် မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်တပ် ဗုံးကြဲတိုက်ခိုက်စဉ်

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများထဲတွင် ညသန်းခေါင်ကျော်အချိန် ဗုံးကြဲမှုကြောင့် လူသေဆုံးမှု အများဆုံးဖြစ်နေကြောင်း မြန်မာ့စစ်ဘက် ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI ကဆိုသည်။

စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ သုံးသပ်ချက်ထဲတွင် MDSI က ယင်းသို့ ဖော် ပြထားပြီး စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုစုစုပေါင်း၏ ၇၃ရာခိုင်နှုန်းသည် နေ့အ ချိန်တွင် ဖြစ်ပွားပြီး ၂၇ရာခိုင်နှုန်းမှာ ညဘက် ဖြစ်ပွားကြောင်းနှင့် တိုက်ခိုက်မှုအများစုတွင် ဂျက်ဖိုက် တာကို အသုံးပြုပြီး လူနေကျေးရွာ၊ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက် ခိုက်မှုများ၌ အဓိကပါဝင်ကြောင်း သိရသည်။

“အခုနောက်ပိုင်းသုံးနေတဲ့ဂျက်ဖိုက်တာတွေမှာ လတ္တီကျု၊လောင်ဂျီကျု မြေပုံအညွှန်းအတိုင်း ပစ်နိုင် တဲ့ စနစ်တွေပါတယ်။Guideဗုံးလို့ခေါ်လို့ လမ်းညွှန်ချက် မြေပုံအညွှန်းအတိုင်း ပစ်မှတ်အတိအကျ ပစ် နိုင်တဲ့ ဗုံးတွေသုံးကြတယ်”ဟု မဲဆောက်မြို့အခြေစိုက် CDM အရာရှိတစ်ဦးက MPAသို့ပြောသည်။

စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၈၂ကြိမ်ရှိခဲ့ပြီး အရပ်သားပြည်သူများ၊ကလေးသူ ငယ်နှင့်ကျောင်းသားများအပါအဝင် ၁၃၇ဦး သေဆုံးကာ ၁၈၇ဦး ဒဏ်ရာရခဲ့ကြောင်း MDSI က ဆိုသည်။

စက်တင်ဘာလအတွင်း နံနက်၆နာရီမှ နေ့ခင်း၁၂နာရီအတွင်း လေကြောင်းတိုက်ခိုက်မှု ၂၃ကြိမ်၊ နေ့ ခင်း၁၂နာရီမှ ညနေ၆နာရီအတွင်း ၃၇ကြိမ်နှင့် ည၆နာရီမှ နံနက်၆နာရီအတွင်း ၂၂ကြိမ် စစ်တပ်က ကျူးလွန်ခဲ့ကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုများကို စစ်ရေးပစ်မှတ်ဟု သတ်မှတ်နိုင်သော နေရာများအပြင် ကျေးရွာများ၊ စစ်ဘေးရှောင်စခန်းများ၊ဘာသာရေးနှင့် ပညာရေးအဆောက်အအုံများကိုလည်း နေ့၊ညအချိန်မရွေး တိုက်ခိုက်နေကြောင်းလည်း MDSI က ဆိုသည်။