ပဲခူးခရိုင် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း ဖွဲ့စည်း

ဓာတ်ပုံ-ပဲခူးခရိုင်ပကဖ
ပုံစာ-စစ်ကြောင်းအပ်နှံမှု အခမ်းအနား

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာန၏ စစ်ဆင်ရေးကွပ်ကဲမှုအောက်တွင် တာဝန်ထမ်းဆောင်မည့် ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေး စစ်ကြောင်းသည် အမှတ်၁ စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန၏ စစ်ဆင်ရေးကွပ်ကဲမှုအတွင်းရှိသည့် ဝေါ၊ကဝ၊သနပ္ပင်၊ပဲခူး (အင်းတကော်၊ ဘုရားကြီး၊ပဲခူး) မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များအား ပေါင်းစည်းထားသောစစ်ကြောင်းဖြစ်ပြီး PDF တပ်ရင်း/စစ်ကြောင်းစုဖွဲ့မှုအတိုင်း လက်ရုံးတပ်ဖွဲ့များပါ ပြည့်စုံအောင်စုဖွဲ့လေ့ကျင့်ထားကာ စစ်ဆင်ရေးများ ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ကြောင်း ပဲခူးခရိုင်ပကဖ က သတင်းထုတ်ပြန်သည်။

“ကျနော်တို့ အထူးတိုင်းစစ်ဒေသကို ဒီနှစ်ဇန်နဝါရီမှာ စတင်ဖွဲ့စည်းခဲ့တယ်။အခု ပဲခူးခရိုင်တိုက်ခိုက် ရေးစစ်ကြောင်းဆိုတာ ပြန့်နေတာတွေကို အင်အားတစ်ခုတည်းဖြစ်အောင် စုစည်းလိုက်ပြီးတော့ စစ် စည်းကမ်းနဲ့အညီ ကျကျနန ဖွဲ့စည်းပြီး အထူးတိုင်းစစ်ဌာနဆီကို အပ်နှံလိုက်တာ။အခုလို စစ်စည်း ကမ်းတကျ ဖွဲ့စည်းလေ့ကျင့်ထားတဲ့ ရလဒ်တွေကို မကြာခင် မြင်ရမှာပါ”ဟု ပဲခူးဒေသအခြေစိုက် ပကဖရဲဘော်တစ်ဦးက MPAသို့ပြောသည်။

ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း ဖွဲ့စည်းခြင်းနှင့် အထူးတိုင်းစစ်ဌာနထံသို့ စစ်ကြောင်းအပ်နှံ ပွဲကို အောက်တိုဘာ၅ရက်တွင် ကေအဲန်ယူ တပ်မဟာ၁ နယ်မြေ၌ ကျင်းပခဲ့ရာ ပဲခူးခရိုင်ပကဖ တာဝန်ခံ ရဲဘော်ဖြိုးမောင်က အထူးတိုင်းစစ်ဌာန၊ တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားထံသို့ စစ်ကြောင်းအပ်နှံခဲ့သည်။

တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက ယခုလို စနစ်ကျသောစုဖွဲ့မှုကို စီစဥ်ဆောင်ရွက်မှုအတွက် အားရကျေနပ်မိကြောင်းနှင့် PDF နည်းတူ တိုက်ပွဲဝင်နေသည့်အဖွဲ့များအနေဖြင့် အရေးကြီး ဦးထိပ်ပန်ဆင်ရမည့် စစ်သည်တော်ကျင့်ဝတ်များ ၊ အမိန့်နာခံတတ်မှုအပြင် လက်နက်ခဲယမ်း၊ အရင်းအမြစ်များ မျှဝေသုံးစွဲရေး၊ ရိက္ခာနှင့် အုပ်ချုပ်ထောက်ပံ့များရရှိရေးအတွက် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောသည်။

အထူးတိုင်းစစ်ဌာနသည် စစ်ရေးလှုပ်ရှားမှုများအနေဖြင့် KNU/KNLA တပ်များနှင့်အတူ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ရေး – ထားဝယ်ဒေသများအပြင် ပဲခူးတိုင်းစစ်ဌာန၊ ရန်ကုန်တိုင်းစစ်ဌာနများနှင့်ပါ ပူးပေါင်း၍ ပဲခူးတိုင်းအတွင်းရှိ နယ်မြေအချို့၌ စစ်ရေးဖော်ဆောင်ကာ နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး စစ်တောင်းမြစ်ဝှမ်းအခြေပြု၍ ပဲခူး၊ ရန်ကုန် စစ်ဆင်ရေးများကိုလည်း နီးစပ်ရာတိုင်းစစ်ဌာနများနှင့်အတူ လက်တွဲချိတ်ဆက် ဖော်ဆောင်လျက်ရှိ သည်။