ရန်ကုန်မြို့တွင် စစ်အုပ်စုဝင်မဟုတ်သည့် လူရောင်းစားသည့်ဂိုဏ်းများပါ စစ်မှုထမ်းအတွက် လူ လိုက်ဖမ်းနေကြောင်း သိရသည်။
ယင်းဂိုဏ်းသည် စစ်တပ်စခန်းများနှင့် ချိတ်ဆက်ထားပြီး ရန်ကုန်မြို့ရှိ လူငယ်များအား ဖမ်းဆီး ကာ စစ်မှုထမ်းအတွက် ပို့ဆောင်နေကြောင်း Rangoon Scout Network မှ တာဝန်ရှိသူတစ်ဦးထံက သိရ သည်။
“ပန်းခြံ ၊ ကစားကွင်း စတဲ့နေရာတွေမှာ လူငယ်တွေကို ဝင်ရော၊ မူးယစ်ဆေးကျွေးပြီး တပ်စခန်း တွေဆီ ပို့ပြီး ရောင်းစားလေ့ရှိပါတယ်ဗျ။ စစ်မှုထမ်းအတွက် ပို့တာလို့တော့ သိထားရပါတယ်။ တခြားလူကုန်ကူးတာ လုပ်၊ မလုပ်တော့ ကျနော်တို့ မသိထားသေးပါဘူးဗျ”ဟု ၎င်းက MPAသို့ ပြောသည်။
လူရောင်းစားသည့် ဂိုဏ်းအကြောင်းကို အသေးစိတ်မသိထားသော်လည်း ယင်းဂိုဏ်းဝင်များသည် ပျူစော ထီးမဟုတ်သော ပြင်ပလူများဖြစ်ကြောင်း ၎င်းက ဆိုသည်။ပ်
“ ရန်ကုန်မှာ လူလိုက်ဖမ်းနေတာက စစ်သားတွေ၊ပျူတွေ၊အုပ်ကြီးတွေနဲ့မဆိုင်ဘဲ တခြားလူတွေ ပါ လှုပ်ရှားနေတာ သေချာတယ်။အဲလို လူလိုက်ဖမ်းလို့လည်း ဘယ်သူကမှ မလုပ်နဲ့ဆိုပြီး လာတားတာ မျိုးမရှိဘူးလေ။လူလိုက်ဖမ်းနေတဲ့သူတွေကို ဘယ်သူက ဘာမှန်းကိုမသိတာ”ဟု ရန်ကုန်မြို့ရဲသတင်း ရင်းမြစ်ကဆိုသည်။
ရန်ကုန်တွင် လူဖမ်းပြီး စစ်မှုထမ်းဈေးကွက်ထဲ ရောင်းစားခြင်းမှာ စီးပွားရေးတစ်ရပ်အသွင် ဖြစ်နေ ကြောင်းလည်း ၎င်းက ပြောသည်။
“နောက်ပိုင်း လူလိုက်ဆွဲတာတွေ ပိုများလာဖို့ပဲရှိပါတယ်”ဟု Rangoon Scout Network မှ တာဝန်ရှိသူက မှတ်ချက်ပြုသည်။
မွန်ပြည်နယ်အတွင်း ခွဲတမ်းချခံရသည့် စစ်မှုထမ်းသင်တန်းသားအရေအတွက်ကို ဖြည့်ရန် ရန်ကုန်၊ ဧရာဝတီနှင့်ပဲခူးတိုင်းဘက်မှ စစ်အုပ်စုဝင် ပွဲစားများ လာပို့သည့် လူများအား ဝယ်ကြကြောင်း မော်လမြိုင်မြို့၊ပြည်နယ်အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူက ဆိုသည်။
