ရန်ကုန်တွင် ပြောက်ကျားလည်းရှင်း ပေါ်တာလည်းဆွဲရန် ညွှန်ကြားထားဟုဆို

ဓာတ်ပုံ - Rangoon Scout Network
ပုံစာ-ရန်ကုန်မြို့တွင် ကင်းလှည့်နေသောစစ်တပ်(ပုံဟောင်း)

ရန်ကုန်မြို့တွင် ရွေးကောက်ပွဲနားနီးကာလအတွင်း မြို့ပြပြောက်ကျားရှင်းလင်းရေးနှင့် စစ်မှုထမ်း လူရရှိရေးကို ဆက်စပ်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။

ဩဂုတ်လလယ်ပိုင်းမှစတင်ကာ ရန်ကုန်မြို့၌ လုံခြုံရေးတင်းကျပ်မှုများကို စီမံချက်ချ လုပ်ကိုင်လာ ခြင်းဖြစ်ပြီး ဧည့်စာရင်းစစ်ခြင်းနှင့် လမ်းမများပေါ် ရှောင်တခင်စစ်ဆေးမှုများကို ပိုမိုပြုလုပ်လာကာ ယင်းသို့စစ်ဆေးမှုများဖြင့် စစ်မှုထမ်းအတွက် လူရရှိရန်လည်း ရန်ကုန်တိုင်းစစ်ကော်မရှင်က ညွှန် ကြားထားကြောင်း ရန်ကုန်မြို့ရဲသတင်းရင်းမြစ်ထံက သိရသည်။

“အဓိကကတော့ ရွေးကောက်ပွဲနားနီးကာလပေါ့။ဘာပေါက်ကွဲသံမှမကြားချင်ဘူးလို့ တိုင်းက ငေါက်ငမ်းနေတယ်။ရန်ကုန်မှာ ပေါက်ကွဲသံတွေ များရင် နေပြည်တော်က လှမ်းငေါက်ရုံတင်မကဘူး၊ ဖြုတ်ပါ ဖြုတ်ပစ်မယ့်သဘောပဲ။အဲဒါကြောင့် မြို့ပြပြောက်ကျားလည်းရှင်း၊စစ်ရင်းဆေးရင်းနဲ့ စစ်မှု ထမ်းအ တွက်လည်း ဖမ်းပြီး ငွေရှာဆိုတာမျိုးပဲ”ဟု ၎င်းက MPAသို့ပြောသည်။

Rangoon Scout Network ၏ ဩဂုတ်လကုန်ပိုင်း ထုတ်ပြန်ချက်များတွင် ရန်ကုန်မြို့တော်အတွင်း ဧည့်စာရင်းစစ်ဆေးမှု ပိုများလာကြောင်း တွေ့ရသလို ဩဂုတ်၂၀ရက်မှစတင်ကာ လှိုင်မြို့နယ်အ တွင်း ဧည့်စာရင်းစစ်ခြင်းကို စစ်တပ်က ဖိဖိစီးစီးလုပ်လာကြောင်း လှိုင်မြို့နယ် ရပ်ကွက်အုပ်ချုပ် ရေးနှင့် နီးစပ်သူတစ်ဦးက MPAသို့ ပြောကြားထားသည်။

“လုံခြုံရေးတင်းကျပ်တာက ရွေးကောက်ပွဲလုပ်မယ့်မြို့နယ်တွေချည်းမဟုတ်ဘူး။အကုန်လုံးမှာ လုပ် တာ။စစ်ရင်းနဲ့ ဖမ်းမိတဲ့လူငယ်တွေကို ပြောက်ကျားတွေကလွဲရင် ကျန်တာ စစ်မှုထမ်းဈေးကွက်ထဲ ပို့ ဆိုတော့ စစ်ရင်းနဲ့ ငွေဝင်တဲ့သဘောပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။

ဩဂုတ်၃၀ရက်၊ည၇နာရီခန့်တွင် ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်း၂လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army က သတင်းထုတ်ပြန်ထားသည်။

ဒီဇင်ဘာ၂၈ရက်တွင် စစ်ကော်မရှင် ပြုလုပ်မည်ဆိုသော တရားမဝင်ရွေးကောက်ပွဲအပိုင်း၁၌ ရန်ကုန် တိုင်းအတွင်းရှိ၊ကမာရွတ်၊ကျောက်တံတား၊ တိုက်ကြီး၊တွံတေး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဗိုလ်တ ထောင်၊မရမ်းကုန်း၊ မင်္ဂလာဒုံ၊မှော်ဘီ၊ သင်္ဃန်းကျွန်း၊သန်လျင်နှင့် အလုံမြို့နယ်တို့ ပါဝင်သည်။