စစ်ဗိုလ်ချုပ်တို့၏ ရာဇဝတ်မှုများကို ရွေးကောက်ပွဲဖြင့် တရားဝင်စေရန် လုပ်ဆောင်နေဟုဆို

ဓာတ်ပုံ-ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
ပုံစာ-အောက်တိုဘာ၉ရက် ကုလအစည်းအဝေးတွင် သံအမတ်ကြီး မိန့်ခွန်းပြောနေစဉ်။

တရားဝင်မှုမရှိသော စစ်အုပ်စုရွေးကောက်ပွဲသည် စစ်ဗိုလ်ချုပ်တို့၏ ရာဇဝတ်မှုများကို တရားဝင်စေ ရန် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။

အောက်တိုဘာ၉ရက်နေ့ ကုလသမဂ္ဂအစည်းအဝေးတစ်ရပ်တွင် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့သလို စစ်အုပ်စု ရွေး ကောက်ပွဲသည် ဒီမိုကရေစီကို ကျင့်သုံးခြင်းမဟုတ်ဘဲ ချိုးဖောက်ခြင်းသာ ဖြစ်ကြောင်းလည်း ဆိုသည်။

“အာဏာသိမ်းထားတဲ့ စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲဆိုတာ တရားမဝင်ပါဘူး။ အဲဒါကြောင့် ဒီရွေးကောက်ပွဲက လွတ်လပ်မျှတပါ့မလားဆိုပြီး မေးခွန်းထုတ်နေစရာကို မလိုတော့ဘူး။ဒီရွေး ကောက်ပွဲကို နိုင်ငံတကာကနေ အာဆီယံကပါ တစ်စုတစ်စည်းတည်း ပယ်ချကြဖို့လိုပါမယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။

လက်ရှိတွင် စစ်အုပ်စုသည် နိုင်ငံ၏ နယ်မြေ ရာခိုင်နှုန်း၃၀ အောက်သာ စိုးမိုးနိုင်တော့ပြီး နိုင်ငံ့ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများကိုလည်း ဥပဒေမဲ့ အကျဉ်းချခြင်း သို့မဟုတ် သေဒဏ်များ ချမှတ်လျက်ရှိကာ နိုင်ငံသားတို့၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့သည်လည်း မရှိတော့ကြောင်း၊ ထိုသို့သော အခြေအနေမျိုးများတွင်ကျင်းပမည့် ရွေးကောက်ပွဲ၌ မည်သို့မျှ လွတ်လပ်၍ တရားမျှတပြီး အားလုံးပါဝင်နိုင်မည် မဟုတ်ကြောင်းလည်း ပြောသည်။

ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေနှင့် စစ်အုပ်စုက စီစဉ်လျက်ရှိသည့် အလိမ်အညာရွေးကောက်ပွဲကို နည်းလမ်းအားလုံးဖြင့် ပြတ်ပြတ် သားသား ပယ်ချရန်နှင့် မြန်မာပြည်သူများနှင့်အတူတကွ ရပ်တည်ပေးရန် တိုက်တွန်းကြောင်းလည်း ဆိုသည်။

ဆက်လက်ပြီး သံအမတ်ကြီးက စစ်အုပ်စုကျူးလွန်လျက်ရှိသည့် ရာဇဝတ်မှုများသည် ပြောမကုန် နိုင်‌အောင်ပင် ဖြစ်ပြီး အရပ်သားပြည်သူများအပေါ် လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ခွဲခြားမှုမရှိတိုက်ခိုက်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ တရားမဲ့သတ်ဖြတ်ခြင်း၊ ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးဆိုင်ရာ သာသနိက အဆောက်အအုံများကို ဖျက်ဆီးခြင်း၊ ဆန္ဒပြသူများအား အကြမ်းဖက် ဖမ်းဆီးခြင်း၊ အတင်းအကျပ် ခိုင်းစေခြင်း၊ အတင်းအကျပ် စစ်သားစုဆောင်းခြင်း နှင့် အတင်းအကျပ် နေရပ်စွန့်ခွာစေခြင်းတို့ ပါဝင်ကြောင်းလည်း ဆိုသည်။

စာတည်း-ML