စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့မရဲစခန်းကို PDF တို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၅ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အောက်တိုဘာ ၁၀ရက်၊ နံနက် ၉နာရီခန့်တွင် ချောင်းဦးမြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၂လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း ချောင်းဦးမြို့နယ်ပကဖတိုက်ခိုက်ရေးတပ် CHU PDFက သတင်းထုတ်ပြန် သည်။
” မနေ့က ကျနော်တို့ လမ်းမပေါ်မှာ စစ်ဆေးရေးလုပ်ရင်းနဲ့ တစ်ပြိုင်နက် ချိန်ကိုက်လုပ်တာပေါ့နော်။ သေဆုံးစာရင်းက ဒီနေ့မှရလို့ ထုတ်တာပေါ့။ စခန်းထဲကိုပဲချတာဗျ။ ဒရုန်းက record (မှတ်တမ်း)က ပါမလာတော့ ဘယ်နေရာကျလဲ သေချာမသိဘူး။ စခန်းထဲပဲကျတယ်လို့သတင်းရတယ်ဗျ” ဟု ချောင်းဦးမြို့နယ်ပကဖ၊သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုသန့်က MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် စစ်အုပ်စုဝင် ၅ဦးထဲမှ တစ်ဦး၏ရုပ်အလောင်းကို မုံရွာနမခထဲသို့ သယ်ဆောင်သွားကြောင်းသိရသည်။
” အရင်ကတော့ စစ်ကြောင်းထိုးတဲ့အခါမှာ ဒီစစ်ကြောင်းထဲက စစ်ကြောင်းမှူးတို့လို အရာရှိတွေ အဲ့လိုမျိုးကျတဲ့အခါ နမခကိုပို့လေ့ရှိတယ်ဗျ။ သာမန် ချောင်းဦးမြို့ပေါ်မှာပဲ တာဝန်ကျတဲ့သူ၊ ချောင်းဦးမြို့ထဲကပဲ သာမန်တပ်သားဆိုရင် သူတို့ မြို့ထဲမှာပဲ သင်္ဂြိုဟ်တာများတယ်ဗျ” ဟု ၎င်းက ဆက်လက်ပြောသည်။
အောက်တိုဘာ ၁၀ရက်၊ နံနက် ၇နာရီ ၁၀မိနစ်ခန့်ကလည်း ချောင်းဦးမြို့မရဲစခန်းကို ၆၀မမလက်နက်ကြီး ၂လုံးပစ်ခတ်တိုက်ခိုက်ရာ ကားဂိုထောင်ပေါ် ကျရောက်ပေါက်ကွဲပြီး ထိခိုက်ပျက်စီးမှုအား မသိရသေးကြောင်း ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုများကို စစ်အုပ်စုဘက်က ချက်ချင်း မတုံ့ပြန်ဘဲ ညပိုင်းမှသာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး အသက် ၅၀အရွယ် အမျိုးသမီး ၂ဦးသေဆုံးကာ၊ အသက် ၁၀နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာရှိခဲ့သည်။
ယင်းတိုက်ခိုက်မှုများကို ချောင်းဦးမြို့နယ်ပကဖတိုက်ခိုက်ရေးတပ် CHU PDFနှင့် BLDF တပ်ခွဲအညာမိုင်းတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်အုပ်စုဝင်များ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
စာတည်း-ML
