မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် စစ်ကော်မရှင်တပ်က ရွေးကောက်ပွဲရန်ပုံငွေအတွက် လုပ်ငန်းရှင်များကို ကျပ် ငါးသိန်းမှ ဆယ်သိန်းအထိ ကောက်ခံနေကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
မလှိုင်မြို့နယ်တစ်ခုလုံးကို အုပ်ချုပ်ခွင့်ရရှိထားသည့် ဗိုလ်မှူးဝေဖြိုး ဦးဆောင်သည့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်၊ နံနက် ၁၀ နာရီတွင် မလှိုင်မြို့ပေါ်ရှိ ကုန်မာဆိုင်၊ ဘီယာဆိုင်ပိုင်ရှင်များကို အထွေထွေအုပ်ချုပ်ရေးရုံးသို့ ခေါ်ယူ၍ ရွေးကောက်ပွဲရန်ပုံငွေအတွက်ဟုဆိုကာ ငွေကြေးကောက်ယူခဲ့ခြင်း ဖြစ်သည်။
“သံတိုသံစဆိုင်တွေ၊ ကုန်မာဆိုင်တွေ၊ နံမည်ကြီး ဘီယာဆိုင်ပိုင်ရှင်တွေကို ထွေအုပ်ရုံးထဲခေါ်ပြီး အစည်းအဝေးလုပ်တာ။ ဗိုလ်မှူးဝေဖြိုး ဦးဆောင်တာတဲ့။ ဆယ်သိန်းအထိတောင်းတယ်လို့ ပြန်ကြားရတယ်။ အခေါ်ခံရတဲ့ လုပ်ငန်းပိုင်ရှင်တွေကတော့ အများကြီးဘဲ၊ မြို့ပေါ်ရပ်ကွက်နေတဲ့ စီးပွားရေးသမားသူဌေးတွေကို ခေါ်တာပါ” ဟု အထွေထွေအုပ်ချုပ်ရေးဌာနနှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
ဗိုလ်မှူးဝေဖြိုးဆိုသူမှာ ၂၀၂၅ ခုနှစ်၊ မတ် ၂၉ ရက်တွင် ၄င်းအား ပြည်သူ့စစ်ခေါင်းဆောင် အငြိမ်းစားတပ်ကြပ်ကြီး ဇော်ယုထွန်းက မလှိုင် – မိထ္တီလာကားလမ်းပိုင်း၌ ကားမှန်ချကာ မောင်းနှင်ခိုင်း၍ ပြည်သူ့စစ်အဖွဲ့များကို သေနတ်၊ လက်ပစ်ဗုံးများဖြင့် ခြိမ်းခြောက်ခဲ့သူတစ်ဦး ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း၌လည်း စစ်ကော်မရှင်တပ်က မလှိုင်မြို့ပေါ်နှင့် ကျေးရွာများရှိ ကြက်သွန်ပွဲစား၊ ကုန်သည်များထံမှ ငွေကြေးကောက်ခံမှုများ ပြုလုပ်ခဲ့သေးသည်။
“ဒီနှစ်ထဲက ဖေဖော်ဝါရီလထဲမှာက ပဲခွဲစက်၊ ကြက်သွန်ပွဲရုံတွေကိုလည်း စစ်တပ်ကနေ ငွေကောက်ဖူးသေးတယ်။ ရွာတွေဘက်က ကြက်သွန်ပွဲစားတွေ၊ ကုန်သည်တွေကိုလည်း စာရင်းကောက်သေးတယ်။ မပေးဘူးဆိုရင် သူတို့ကို မထောက်ခံတဲ့လူဆိုပြီး လုပ်တာ။ စစ်တပ်နဲ့ ပတ်သက်နေတဲ့သူတွေကတော့ ကင်းလွတ်ခွင့်ရနေတယ်” ဟု ပွဲစားတန်းလမ်းတွင် နေထိုင်သူတစ်ဦးက ဆိုသည်။
ထို့ပြင် စစ်ကော်မရှင်က မလှိုင်မြို့တွင် ကိုယ်ပိုင်ကားများရှိသည့်နေအိမ်များသို့ ဝင်ရောက်ကာ ၄င်းတို့စစ်ကြောင်းထွက်ရာလမ်းတလျှောက် လိုက်ပါပေးရန်အတွက် အိမ်စီးကားများ လိုက်လံငှားရမ်းလျက်ရှိနေပြီး၊ မငှားပါက ဒဏ်ငွေ ငါးသောင်းမှ ငါးသိန်းအထိ ပေးဆောင်နေရသည်။
“အိမ်စီးကားတွေကို ချောဆွဲနေတာ တစ်လကျော်ကျော်တော့ ရှိနေပြီ၊ အခုက ပိုပြီး အသံထွက်လာတာ။ အများစုကတော့ မလိုက်ရဲတာရော၊ မျက်နှာပူကြတာရောကြောင့် ငွေပေးလိုက်တာလည်း ရှိတယ်။ ကားလိုက်သွားရင်လည်း မြို့လေးက ကျဥ်းတော့ လူသိမြန်တယ်” ဟု မလှိုင်မြို့ပေါ်တွင် နေထိုင်သည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
လာမည့် ဒီဇင်ဘာ ၂၈ရက်၌ စစ်ကော်မရှင်က ရွေးကောက်ပွဲ အပိုင်း၁ ကို ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ခုရှိ မြို့နယ် ၁၀၂ မြို့နယ်တွင် ကျင်းပသွားမည်ဖြစ်ပြီး မလှိုင်မြို့နယ်သည် အပိုင်း ၁ ၌ ပါဝင်သည်။
မလှိုင်မြို့နှင့် ၂၂ မိုင်သာ ကွာဝေးသည့် မိတ္ထီလာမြို့သည် စစ်ကော်မရှင်တပ်၏ တပ်မ ၉၉၊ ရှမ်းတဲလေတပ်ဌာနချုပ်၊ အမြောက်တပ်ရင်းများ၊ သံချပ်ကာတပ်ရင်းများ၊ လေကြောင်းနှင့် မြေပြင် အတက်သင်လေတပ်စခန်း (လမသ)၊ အမြောက်တပ်ရင်းများ၊ ကုတင် ၅၀၀ ဆန့် စစ်ဆေးရုံနှင့် ရဲသင်တန်းကျောင်းများတည်ရှိနေပြီး၊ စစ်ကော်မရှင်တပ် အားကောင်းရာ ခရိုင်မြို့တစ်ခုလည်း ဖြစ်သည်။
