စစ်ရေးတင်းမာနေသည့် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရပြီး စစ်အုပ်စု၏ကန့်သတ်ပိတ်ဆို့မှုများကြောင့် စားနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင် ကူညီသူများနှင့် ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လအစောပိုင်းမှစတင်ပြီး ရေဖြူမြို့နယ်၊ ကလိန်းအောင် – မလွဲတောင် အမှတ်(၈)ပြည်ထောင်စု လမ်းမတလျှောက်တွင် တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်အုပ်စုတို့အကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲသည် ယနေ့ အထိ ပြင်းထန်နေဆဲဖြစ်သည်။
နှစ်ဖက်တိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ ရေဖြူမြို့နယ်ရှိ ယခင်စစ်ဘေးရှောင်များအပါအဝင် ကျေးရွာဆယ်ရွာ ထက်မနည်း ဒေသခံပြည်သူ ရှစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသည်။
ယခုကဲ့သို့ တိမ်းရှောင်နေရသည့်ပြည်သူများ နေထိုင်စားသောက်ရေးလိုအပ်ချက်ရှိနေသည့်အပြင် စစ်ကော်မရှင် လက်အောက်ခံအဖွဲ့များ၏ ကန့်သတ်ပိတ်ဆို့မှုများကြောင့် ရိက္ခာဝယ်ယူရန် အခက်အခဲကြုံနေရခြင်း ဖြစ်သည်။
“ဆန်အိတ်က ဘယ်လိုမှ သယ်လို့မရဘူး၊ အိမ်ကိုယ့်အတွက်က ၆ ပြည်၊ ၈ ပြည်အိတ်တစ်အိတ်လောက်ရဖို့က အနိုင်နိုင်ပဲ၊ စစ်အုပ်စု သူတို့ဂိတ်ကို ဖြတ်ပြီးမှ သွားလာရတော့ ဘယ်လိုမှ ဝယ်မရတော့ဘူး၊ အခုက ဆန်က အဓိက လိုအပ်နေတာ” ဟု ရေဖြူမြို့နယ်စစ်ဘေးရှောင်များ အကူအညီပေးနေသူတစ်ဦးက ပြောသည်။
ထို့အပြင် ရေဖြူမြို့ပေါ်တွင်လည်း ဆန်နှင့် စားနပ်ရိက္ခာများကို အကန့်အသတ်များဖြင့် ဝယ်ယူနေရပြီး ကန့်သတ်ထားသည်ထက် ပို၍ဝယ်ယူပါက ဆိုင်ရှင်အပါအဝင် ဝယ်သူများကို စစ်အုပ်စုက ဖမ်းဆီး ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိ ရေဖြူမြို့နယ်အဝေးပြေးလမ်းဘေးကျေးရွာများဖြစ်ကြသည့် မရမ်းချောင်၊ ကော့လှိုင်း၊ ရာဖူး၊ မိုင် ၆၀ ၊ အလယ်စခန်း၊ ကျောက်ကဒင်၊ လော့သိုင်း၊ ကျွဲတလင်း အစရှိသည့်ကျေးရွာများမှ ဒေသခံအားလုံး နီးပါးထွက်ပြေးတိမ်းရှောင်နေရသည်။
အဆိုပါစစ်ဘေးရှောင်များသည် KNU နှင့် မွန်ပြည်သစ်ထိန်းချုပ်နယ်မြေ၊ ဘုန်းတော်ကြီးကျောင်းများ၊ နီးစပ်ရာဆွေမျိုးနေအိမ်များတွင် တထောင်ဝန်းကျင်သာ တိမ်းရှောင်နေကြပြီး အများစုက တောတောင် ဥယျာဉ်ခြံမြေများတွင် တိမ်းရှောင်နေရသည်။
“ရွာမှာ ဘယ်သူမှ မရှိတော့ဘူး၊ စစ်သားတွေ ဝင်တယ်လေ၊ အကုန်ထွက်ပြေးကြတာပေါ့၊ ရွာဘက် ကျန်ခဲ့တဲ့ အမျိုးတွေဆို စားဖို့တောင် မရှိတော့ဘူး၊ ဆန်မရှိတော့ဘူး၊ ဝယ်လည်း မရတော့ဘူး၊ ဦးလေးတို့တောင် ဘယ်လိုဖြစ်ဖြစ်ဆိုပြီး ဒီထက်ကို ထွက်ပြေးလာတာ ” ဟု မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ရှောင်စခန်းတွင် တိမ်းရှောင်နေသည့် ရေဖြူမြို့နယ် ရာဖူးကျေးရွာမှ အသက် ၅၀ ကျော်အရွယ် အမျိုးသား တစ်ဦးက ပြောသည်။
ထို့အပြင် တော်လှန်ရေးတပ်များ နယ်မြေစိုးမိုးမှုနှင့် လှုပ်ရှားသွားလာသည့် ကျေးရွာများဘက် စားနပ်ရိက္ခာများ ဖြတ်တောက်ရန်အတွက် စစ်ကော်မရှင် လက်အောက်ခံစစ်အုပ်စုများသည် မြေတူးစက်များဖြင့် လမ်းဖျက်ဆီးခြင်း များပြုလုပ်ထားကြောင်း သူက ဆက်ပြောသည်။
စစ်အုပ်စုက ကျေးရွာများဘက်စစ်ကြောင်းထိုးဝင်ရောက်ချိန်နှင့် ၎င်းတို့ စစ်ကြောင်းထိုးရာလမ်းတစ်လျှောက်တွင် မြေမြုပ်မိုင်းများ ထောင်ထားသည့်အတွက် ဒေသခံပြည်သူများ မြေမြုပ်မိုင်းနင်းမိသည့်ဖြစ်စဉ်များ ရှိလာကြောင်း ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်နှင့် စက်တင်ဘာလ ၁ ရက်နေ့တွင် ကလိန်အောင်နှင့် မရမ်းချောင်းရွာကြားမှာ မြေမြှုပ်မိုင်းနင်းမိသည့်ဖြစ်စဉ် ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး အသက် ၂ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု စစ်ရှောင်ကူညီသူများက ပြောသည်။
အဆိုပါ မြေမြှုပ်မိုင်းများနှင့် ပတ်သက်ပြီး နှစ်ဖက်တပ်များက အပြန်အလှန်စွပ်စွဲပြောဆိုမှုများလည်းရှိနေသည်။
“ဖြစ်လာရင် ဟိုအဖွဲ့ဒီအဖွဲ့က အပြန်အလှန်စွပ်စွဲနေကြတာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို ဖြစ်နေပြီး၊ ဘယ်လိုပဲ ဖြစ်ဖြစ် အရပ်သားသွားလာနေတဲ့နေရာကို မြေမြှုပ်မိုင်းထောင်တာက မဖြစ်သင့်ဘူး” ဟု နောက်ထပ် စစ်ဘေးရှောင် ကူညီနေသူတစ်ဦးက ပြောသည်။
ထို့အပြင် စစ်အုပ်စုက လမ်းသွားလမ်းလာပြည်သူများနှင့် ရွာရှိ ကျန်ရှိနေသည့် သက်ကြီးရွယ်အိုများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းနှင့် လူသားဒိုင်းအဖြစ် အသုံးပြုနေကြကြောင်း ၎င်းက ဆက်ပြောသည်။
“မိုးကများတယ်လေ၊ ကလေးတွေ၊ လူကြီးတွေ ဖျားနာကြတယ်၊ စစ်ရှောင်စခန်းမှာလည်း ဆေးအများကြီး မရှိဘူး၊ ဘာပဲဖြစ်ဖြစ် ဒီမှာက တစ်ခုခုဆို ကုလို့ရတယ်၊ ဆေးရတယ်၊ ရွာဘက်ကလူတွေဆိုရင် တော်တော်လေးကို ဒုက္ခရောက်တာ၊ ဆေးမရှိ၊ အစား အစာမရှိဘူးလေ” ဟု အထက်ပါစစ်ရှောင်အမျိုးသားက ပြောသည်။
ထို့အပြင် စစ်အုပ်စုသည် ကျေးရွာများဘက်နှင့် စစ်ဘေးရှောင်နေသည့်တောတောင်ဥယျာဉ်ခြံမြေအနီးတဝိုက်ကို လက်နက်ကြီးနှင့် ဒရုန်းကနေ ဗုံးသီးချပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိ ရေဖြူမြို့နယ်တစ်လျှောက်တွင် စစ်အုပ်စုက စစ်ကြောင်း ၃ ကြောင်းထက်မနည်းခွဲပြီး အင်အားအများအပြား အသုံးပြုပြီး ကျေးရွာများဘက်နှင့် အမှတ်(၈)ပြည်ထောင်စုလမ်းထိန်းချုပ်နိုင်ရေး စစ်ကြောင်းထိုးလျှက်ရှိနေသည်။
ယခု စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များကို မွန်၊ ကရင်၊ ထားဝယ် တော်လှန်ရေးမဟာမိတ်ပူးပေါင်း တပ်များနှင့် တိုက်ပွဲပြင်းထန်နေတာကြောင့် ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက်ကတည်းက ရေဖြူမြို့နယ် ပြည်ထောင်စုလမ်းပိုင်း ပိတ်ထားရသည်။
ပိတ်မိနေသည့် အိမ်စီးကား၊ ခရီးသည်တင်ယာဉ်များကို ပစ်ခတ်မှုငြိမ်သက်ချိန်တွင် ဖြတ်သန်းသွားလာခွင့် ပြုထားသော်လည်း ကုန်တင်ယာဉ်အများစုသည် ယနေ့အထိ ဖြတ်သန်းသွားလာရန် အခက်အခဲရှိနေကြာင်း သိရသည်။
