စစ်ကော်မရှင်အဖွဲ့ဝင်များအားလုံးသည် နိုင်ငံတကာ၏ ဒဏ်ခံပိတ်ဆို့မှုများ ချမှတ်ခံထားရကြောင်း Justice For Myanmar က ဆိုသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီSAC အဖွဲ့ကို ၂၀၂၁ ခုနှစ်၊ မေလ ၁၇ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၁ ရက်တွင် ယူကေနိုင်ငံ၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် အီးယူနှင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်တွင် ကနေဒါနိုင်ငံတို့က ဒဏ်ခတ် ပိတ် ဆို့မှုများ ချမှတ်ခဲ့ပြီး လက်ရှိနိုင်ငံတော်လုံခြုံရေးနှင့်ငြိမ်းချမ်းရေးကော်မရှင် SSPCအဖွဲ့ဝင်အား လုံး သည်လည်း အနည်းဆုံးနိုင်ငံတစ်ခုခု၏ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခြင်းခံထားရသော်လည်း SSPC အဖွဲ့အစည်းအား ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားခြင်းမရှိသည်က စိုးရိမ်ဖွယ်ရာကယ်ပေါက်တစ်ခု ဖြစ်နေကြောင်း Justice For Myanmar ကဆိုသည်။
“JFM ပြောသလို စစ်ကော်မရှင်ကို ဒဏ်ခတ်ပိတ်ဆို့ဖို့ အမြန်ဆုံးလိုအပ်သလို ဒဏ်ခတ်ပိတ်ဆို့မှုတွေ က ကာလတိုအတွင်း ထိချက်ပြင်းဖို့လည်း လိုပါတယ်။ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ နွေဦးတော်လှန်ရေးကို လက်တွေ့ကျတဲ့အကူအညီတွေ ပေးဖို့လည်း အရေးတကြီးလိုအပ်နေပါတယ်” ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။
အစိုးရများအနေဖြင့် တရားမဝင်စစ်အုပ်စုကို ကျယ်ကျယ်ပြန့်ပြန့် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထား နိုင်ရေးနှင့် ဒဏ်ခတ်ပိတ်ဆို့မှုများအား ကျော်လွှားရှောင်ရှားနိုင်ခြင်း မရှိစေရေးတို့အတွက် SSPC အား ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲ အမြန်ဆုံး ထည့်သွင်းရန် လိုအပ်ကြောင်း Justice For Myanmar ကတောင်းဆိုသည်။
တရားမဝင် မြန်မာစစ်အုပ်စုသည် ၎င်းတို့၏ တရားမဝင်အာဏာသိမ်းရန်ကြိုးပမ်းမှု၏ အစိတ်အပိုင်း အဖြစ်နှင့် ကျင်းပရန်စီစဉ်နေသည့် အတုအယောင်ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်မှုအဖြစ် ၎င်းတို့၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးအဖွဲ့အစည်းဖြစ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ SAC ကို နိုင်ငံတော်လုံခြုံရေးနှင့်ငြိမ်းချမ်းရေးကော်မရှင်SSPC ဟု ခေါင်းစီးပြောင်းလဲခဲ့ကြောင်း Justice For Myanmar ကသတင်းထုတ်ပြန်သည်။
