နတ်ရေကန်ဗျူဟာကုန်းကို AA တကယ် သိမ်းပိုက်နိုင်ပြီ

ဓာတ်ပုံ-Google Maps
ပုံစာ- နတ်ရေကန်ဗျူဟာကုန်းအား Google ‌Maps မှတွေ့ရစဉ်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ အမ်း – ပဒါန်းလမ်းမပေါ်ရှိ စစ်ကော်မရှင်တပ်၏ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းကို အာရက္ခတပ်တော်(AA) က အပြီးသတ်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ နတ်ရေကန်ဗျူဟာကုန်းကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ အာရက္ခတပ်တော်(AA)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်(ယနေ့))တွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

“ဒီညနေ တောင်ကုန်းကို ရသွားပြီ၊ စစ်ကော်မရှင်တပ်ဘက်က တောင်အောက်က ပြန်ထိုးနေပါတယ်။ စစ်ကူလာတာနဲ့ တိုက်ပွဲကတော့ ဖြစ်နေဆဲပါ။ ဖမ်းဆီးရမိတာတွေနဲ့ သိမ်းဆည်းရမိတာတွေကိုတော့ အတိအကျမသိရသေးပါဘူး” ဟု ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က MPA သို့ ပြောသည်။

နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးဗျူဟာကုန်းအနီးမှ ဖိုက်တာကုန်းကို အာရက္ခတပ်တော်(AA) က ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၉ ရက်တွင် သိမ်းပိုက်ခဲ့ပြီးနောက်၊ ငါးရက်အကြာ၌ ဗျူဟာကုန်းတစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်နှင့် ၁၂ ရက်တွင်လည်း စစ်ကော်မရှင်တပ်က အဆိုပါနတ်ရေကန်ဗျူဟာကုန်းသို့ လေကြောင်းအသုံးပြု၍ လက်နက်ခဲယမ်းများ လာရောက်ချပေးကြောင်း သိရသည်။

“တိုက်ပွဲဖြစ်နေတဲ့ကာလတွေအတွင်း စစ်ကော်မရှင်ဘက်က လေကြောင်းသုံးတာ များပါတယ်။ နတ်ရေကန်စခန်းက မကွေးဘက်ရော၊ ရခိုင်ဘက်ရောအတွက် အရေးပါပါတယ်။ စစ်ကော်မရှင် က အမ်းကို ဝင်နိုင်ဖို့ကြိုးစားနေသေးတာ” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

အာရက္ခတပ်တော်(AA) သိမ်းပိုက်ခဲ့သည့် နတ်ရေကန်ဗျူဟာကုန်းမှာ စစ်ကော်မရှင်တပ်၏ လေကြောင်းရန်ကာကွယ်ရေးအတွက် အဓိကကျသည့်အပြင် စစ်ရေးအရအရေးပါသည့် စခန်းတစ်ခုဖြစ်သည်။

အာရက္ခတပ်တော်(AA) အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ ခု အနက် ၁၄ မြို့နယ်ကို သိမ်းပိုက်ထားပြီးနောက် ရခိုင်ရိုးမအခြေရှိ မကွေးတိုင်းအတွင်းမှ ကပစ ၁၄၊ ပဲခူးတိုင်းအတွင်းမှ ကပစ ၆ နှင့် ဧရာဝတီတိုင်းအတွင်းရှိ ရေကြည်မြို့နယ်မှ အမြောက်တပ်ကိုလည်း ဆက်လက်သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်လျက်ရှိနေသည်။