ရန်ကုန်မြို့၏ ဆင်ခြေဖုံး ရပ်ကွက်များ၌ စစ်ကော်မရှင်လက်အောက်ခံ ရဲများက မှုခင်းများ လျော့စေရန်ဟု ဆိုကာ ဘေးတွဲဆိုင်ကယ်သမားများအား ညဘက် အလှည့်ကျ ကင်းလှည့်ခိုင်းနေကြောင်း ဘေးတွဲသမားများထံမှ စုံစမ်း သိရှိရသည်။
စစ်ကော်မရှင်လက်အောက်ခံ ရဲများသည် ဘေးတွဲဆိုင်ကယ်သမားများကို ၎င်းတို့ ခိုင်းစေသည့်အတိုင်း လုပ်ဆောင်မှသာ ပြေးဆွဲခွင့်လိုင်စင် ထုတ်ပေးခြင်းကြောင့် ဘေးတွဲမောင်းသူများမှာ ညဘက် ကင်းလှည့်ခိုင်းခြင်းကို ငြင်းဆိုနိုင်ခြင်းမရှိကြောင်း သိရသည်။
” သူတို့က ညဘက် ကင်းစောင့်ဆို သွားစောင့်ရတယ်။ စောင့်မှဘဲ လိုင်စင် အပေါ်က ကုတ်အင်္ကျီလေးပေါ့ဗျာ ပေးတယ်။ မဟုတ်ရင် တွေ့တာနဲ့ ဖမ်းတယ်” ဟု တောင်ဒဂုံမြို့နယ် ၊ ၅၅ ရပ်ကွက်မှ ဘေးတွဲသမားတစ်ဦးက ပြောသည်။
စစ်ကော်မရှင် ယာဥ်ထိန်းရဲ၊ ရဲ နှင့် စစ်သားများသည် ဘေးတွဲများအား မြင်တွေ့သည်နှင့် လက်တားကာ စစ်ဆေး ဖမ်းဆီးမှုများ လုပ်လေ့ရှိပြီး လိုင်စင်မရှိခြင်း၊ စစ်ကော်မရှင် ညွှန်ကြားထားသည်များနှင့် မကိုက်ညီခြင်းများရှိပါက အနည်းဆုံး ဒဏ်ငွေ သုံးသောင်းကျပ် ပေးဆောင်ရသည်ဟု သိရသည်။
ထို့ကြောင့် စစ်ကော်မရှင် ခိုင်းသည့် အတိုင်း မလုပ်လိုသည့် ဘေးတွဲမောင်းသူများသည် လိုင်စင်မပြုလုပ်ဘဲ အဖမ်းအဆီးများ များတတ်သည့် လမ်းမများကို ရှောင်ရှားကာ ဝမ်းရေးအတွက် လုပ်ကိုင် စားသောက်နေရသည်။
” မိတာနဲ့ သုံးသောင်း တောင်းတယ်။ မပေးနိုင်ရင် ဘေးတွဲကို ယူထားမယ်။ သွားရွေးရရင် ပိုကျမယ်။ မြန်မြန် မရွေးနိုင်ရင် အပြီး သိမ်းသွားမယ်။ ဒီလိုပဲ လုပ်စားရတာပေါ့။ ရပ်ကွက်လမ်းတွေထဲက ပတ်ဆွဲ ရှောင်ရတာပေါ့” ဟု သာကေတမြို့နယ်အတွင်း ပြေးဆွဲနေသည့် ဘေးတွဲဆိုင်ကယ်သမားတစ်ဦးက ပြောသည်။
စစ်ကော်မရှင်က ၄င်းတို့ အလိုကျ လိုင်စင်နှင့် ကြိုးကိုင် ခြယ်လှယ်ခြင်းကို မပြုလုပ်လိုသည့် ဘေးတွဲ မောင်းသူ အချို့ကမူ ဘေးတွဲသမား အဖြစ်မှ အနှေးယာဥ် ဆိုက်ကား နင်းသူများ အဖြစ်သို့ ပြန်လည် ပြောင်းလဲ လုပ်ကိုင်ကြသည်ကိုလည်း တွေ့ရသည်။
” ကင်းတော့ မစောင့်နိုင်ဘူး။ ဦးလေး ဘေးတွဲ ပြန်အပ်လိုက်တယ်။ ဆိုက်ကား ပြန်နင်းတယ်။ ဒီ ဆိုက်ကားလေးနဲ့ပဲ မိသားစုကို ရှာကျွေးလာခဲ့တာ။ ရတယ် အဆင်ပြေတယ်” ဟု တောင်ဥက္ကလာပ မြို့နယ်မှ ဘေးတွဲ ပြန်အပ်ခဲ့သည့် အနှေးယာဥ် လုပ်သားတစ်ဦးက ပြောသည်။
အချို့သော ဘေးတွဲဆိုင်ကယ်သမားများသည် စစ်ကော်မရှင် အလိုကျ လုပ်ကိုင်ပေးခြင်းများ ရှိပြီး ၄င်းတို့သည် စစ်ကော်မရှင် သတင်းပေးများ သဖွယ် လုပ်ကိုင်ကြရသည်ဟုလည်း သိရသည်။ ထိုသို့ လုပ်ကိုင်ရန် အတွက် စစ်မှုထမ်းဥပဒေနှင့် ခြိမ်းခြောက် အကျပ်ကိုင်ခြင်းများလည်း ရှိသည်။
” တစ်ချို့ ဘေးတွဲသမားလေးတွေကို စစ်တပ်က ဖမ်းသွားတယ်။ ပြီးတော့ ပြန်ရောက်လာတယ်။ စစ်တပ်က သတင်းပေးဆို ပေးရတယ်၊ ကင်းစောင့်ဆို စောင့်ရတယ်” ဟု တောင်ဒဂုံမြို့ခံ အသက် ၄၀ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ဆိုက်ကားများနေရာ၌ ဘေးတွဲဆိုင်ကယ်များက သိသိသာသာ အစားထိုး ဝင်ရောက်လာခဲ့သည်။
စစ်ကော်မရှင်သည် ရန်ကုန်မြို့၌ ဘေးတွဲသမားများအား မကြာခဏ ပြောင်းလဲနေသည့် ဒေသန္တရ ဥပဒေများ ထုတ်ကာ တင်းကျပ်လျှက်ရှိသည်။
ဘေးတွဲသမားများသည် စစ်ကော်မရှင်၏ ဝမ်းရေးနှင့် အလိုကျခိုင်းစေခြင်းအား လက်ခံခြင်း ကို ရွေးချယ်စေခြင်း ဟူသည့် အကျပ်ကိုင် ခြိမ်းခြောက်မှုများအား ကြုံတွေ့ခံစားနေရခြင်း ဖြစ်သည်။
