နိုင်ငံတကာအသိုင်းအဝိုင်းအနေနှင့် မြန်မာ့အရေး စကားလုံးများဖြင့် ဟန်ရေးပြနေမှုကို ရပ်တန့်ရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်သည်။
အောက်တိုဘာ၁၅ရက်၊ကုလသမဂ္ဂတွင် ကျင်းပသည့် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် အပြန်အလှန်ဆွေးနွေးပြောကြားသည့်အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ် သံအမတ်ကြီးက ဆွေးနွေးစဉ် ယခုအချိန်သည် နိုင်ငံတကာအသိုက်အဝန်းအနေနှင့် စကား လုံးများနှင့် သိမြင်မှုများကို ထိရောက်သော၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုရှိသော၊ သက်ရောက်မှုအားကောင်းသော လုပ်ဆောင်ချက်များအဖြစ် ပြောင်းလဲဖော်ဆောင်ရမည့် အချိန်အခါဖြစ်ကြောင်း ပြောကြားခဲ့သည်။
“နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ မြန်မာ့အရေး သံတမန်ရေးထောက်ခံအားပေးမှုဆိုတာ စစ်အာဏာရှင် စနစ်ကို မြေလှန်ပစ်ဖို့ မဖြစ်နိုင်ဘူးလို့ နေ့စဉ် အသက်ပေးနေရတဲ့ မြန်မာပြည်သူတွေရဲ့ အသက်များစွာက သက်သေပြနေပါတယ်။မြန်မာလူငယ်တွေကို သေနတ်မပေးချင်ဘူးဆိုရင်တောင် မြန်မာစစ်ဘေးသင့်ပြည်သူတွေဆီ အမှန်တကယ်ရောက်မယ့်လမ်းကြောင်းတွေကနေ လိုအပ်တဲ့အ ကူအညီတွေ ပေးသင့်ပါတယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦး က MPAသို့ပြောသည်။
နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ထိန်းသိမ်းကာကွယ်ရန် ပင်မတာဝန်ရှိသည့် ကုလသမဂ္ဂလုံခြုံ ရေးကောင်စီအနေဖြင့် ကွဲပြားခြားနားမှုများကို ထိရောက်သည့်လုပ်ဆောင်ချက်များအဖြစ် ပြောင်းလဲဖော်ဆောင်သင့်ပြီး မြန်မာ့အရေး တစ်စုံလုံးအား နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ တင်သွင်း ရန်လည်း သံအမတ်ကြီးက တောင်းဆိုသည်။
ထို့အပြင် ကူကယ်ရာမဲ့နေသည့် မြန်မာပြည်သူများ၏ အသက်အိုးအိမ်များ အား ကယ်တင်ရန် လုံခြုံရေးကောင်စီက နှောင့်နှေးကြန့်ကြာတုံ့ဆိုင်းနေသည့်အချိန်တွင် နိုင်ငံတကာ အသိုက်အဝန်းနှင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက ကယ်တင်ပေးရန် မည်သို့ လုပ်ဆောင်နိုင်မည်ကို မဟာမင်းကြီးအနေဖြင့် အကြံပြုပေးစေလိုကြောင်းနှင့်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် စစ်အုပ်စုထံသို့ နိုင်ငံရေး၊ စစ်ရေးနှင့် ငွေကြေးအထောက်အပံ့များ ပေးအပ်နေမှုကို ရပ်တန့်ရန် တောင်းဆိုကြောင်းလည်း ဆိုသည်။
ဆက်လက်ပြီး သံအမတ်ကြီးက စစ်အုပ်စု၏ အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲကို မိမိတို့နှင့်အတူ ပူးပေါင်း၍ အလုံးစုံ ငြင်းပယ်၊ ကန့်ကွက်ပေးကြရန်လည်း တောင်းဆိုလိုက်သည်။
စစ်အုပ်စုသည် အကြမ်းဖက်မှုများ ချုပ်ငြိမ်းရေးကို ယခင်က ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိသကဲ့သို့ နောင်တွင်လည်း ထည့်သွင်းစဉ်းစားမည်မဟုတ်သောအချက်ကို နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကောင်းစွာသိမြင်ရမည့် အချိန်တန်ပြီဟုလည်း ဆိုသည်။
အဆိုပါ အစီအစဉ်တွင် လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Mr. Volker Turk ကလည်း စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူတို့ ရင်ဆိုင်နေရသည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် မြန်မာပြည်သူများ၏ ငြိမ်းချမ်းရေး တောင်းဆိုနေမှုများကို ထည့်သွင်းပြောကြားခဲ့သည်။
စာတည်း-ML
