သထုံ၊ရွှေစာရံဘုရားရှေ့တွင် ၂ညဆက်တိုက် စစ်တပ် အထိုင်ချ ပေါ်တာဆွဲနေ

ဓာတ်ပုံ-Greeting from Myanmar
ပုံစာ- စစ်တပ် ပေါ်တာဆွဲနေသော သထုံ၊ရွှေစာရံဘုရားရှေ့။(ပုံဟောင်း)

မွန်ပြည်နယ်၊သထုံမြို့လယ်ခေါင်ရှိ ရွှေစာရံဘုရားရှေ့တွင် စစ်တပ်က ၂ညဆက်တိုက် အထိုင်ချ ပေါ်တာဆွဲနေကြောင်း သိရသည်။

အောက်တိုဘာ၁၆ရက်နှင့် ၁၅ရက်တို့တွင် ရန်ကုန်-မော်လမြိုင်လမ်းမကြီးပေါ်ရှိ ရွှေစာရံဘုရားရှေ့ ၌ ည၈နာရီမထိုးမီကတည်းက ပေါ်တာဆွဲခြင်းဖြစ်ပြီး ဆိုင်ကယ်စီးလာသည့် လူငယ်အချို့ ဖမ်းဆီးခံခဲ့ ရ ကြောင်း သထုံမြို့၊ဘင်လှိုင်ရပ်ကွက်နေပြည်သူတစ်ဦးကဆိုသည်။

“အရင်ကတည်းကလည်း ညဘက် လှည့်ကင်းကားနဲ့ တွေ့ရင် ဆွဲတယ်။ဖမ်းခံထိရင် ပိုက်ဆံနဲ့ရွေးပြီး ပြန်လွတ်တဲ့သူလွတ်တယ်။ ငွေမတတ်နိုင်ရင်တော့ စစ်မှုထမ်းထဲ ပို့တယ်လို့ ထင်ကြတယ်။အခု ၂ညကတော့ ဘုရားရှေ့မှာကို သေချာစောင့်ပြီး ဖမ်းတာ။သက်ကြီးပိုင်းကိုတော့ မဖမ်းဘူး။ ဘယ်သူမှ မထွက်ရဲတော့ ဘယ်နှစ်ယောက် အဖမ်းခံရသလဲတော့ မသိဘူး။ဖမ်းထားတဲ့ လူငယ်တွေရှိတာ မြင်တဲ့သူတွေ မြင်ကြတယ်”ဟု ၎င်းက MPAသို့ပြောသည်။

အောက်တိုဘာ၄ရက်က သထုံမြို့၊လေယာဉ်ကွင်းအနီးတွင် အသံမိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြို့ အဝင်၊အထွက်နှင့် မြို့လယ်ခေါင်တို့၌ တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်း သိရသည်။

“ကွဲတာက အသံမိုင်းပဲ။အဲဒီကတည်းက စစ်ဆေးတာတွေ ပိုဆိုးလာတယ်။မြို့အဝင်အထွက်ရော မြို့ တွင်းမှာရော။ပေါ်တာဆွဲတာကတော့ ညဘက်တွေမှာ အရင်ကတည်းက ဆွဲတယ်”ဟု မွန်ပြည်နယ်ပကဖ၊ဒုတာဝန်ခံ စောထူးအောင်က ပြောသည်။

မြို့အဝင်အထွက်တွင် စစ်ဆေမှုများ တင်းကျပ်နေသဖြင့် သထုံမြို့နယ်ရွာများမှ သထုံမြို့ပေါ်သို့ လာ ရောက်ဈေးဝယ်သူ သိသိသာသာ နည်းသွားကြောင်း သထုံမြို့မဈေးမှ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“သထုံမြို့ခံတွေက မနက်ပိုင်းနဲ့ ညနေပိုင်းပဲ ထွက်ကြတာ။နေ့ခင်းပိုင်းကျတော့ ရွာတွေဘက်ကသူ တွေက ဆိုင်ကယ်တွေ၊စန်ပလော(သုံးဘီးဆိုင်ကယ်)တွေနဲ့ မြို့ပေါ်မှာ ဈေးလာဝယ်ကြတာ။အခု နေ့ ခင်းပိုင်းလည်း လူတော်တော်ပါးတယ်။လာတဲ့သူတွေကလည်း သက်ကြီးပိုင်းတွေပဲ”ဟု ၎င်းက ပြော သည်။

အသံမိုင်းပေါက်ကွဲသည့်နေရာအနီးတွင် ဌာနစုံစုပေါင်းရုံး၊ ရွေးကောက်ပွဲကော်မရှင်ရုံး၊ ဝန်ထမ်းအိမ် ရာနှင့် ထောက်ပို့တပ်တို့ ရှိသည်။

စာတည်း-ML