ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင် တစ်နှစ်ကျော်ကြာ ဖမ်းဆီးထားသည့် ကျားဖြန့် လုပ်ကိုင်သူ လေးရာကျော်ကို စစ်ကော်မရှင်လက်အောက်ခံ စစ်တပ်က ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယမန်နှစ်(၂၀၂၄ခုနှစ်) က တရုတ်နိုင်ငံ၏ ဖိအားကြောင့် စစ်ကော်မရှင်က ကျားဖြန့် လုပ်ကိုင်သူ လေးရာကျော်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယမန်နေ့(အောက်တိုဘာ ၁၆ရက်)က ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
“အပေးအယူ တစ်ခုခုရှိလို့ ပြန်လွှတ်ပေးတာနေမှာ၊ အခုလည်း မူဆယ်မှာ ကျားဖြန့်မရှိတာမှမဟုတ်တာ၊ အများကြီးရှိတယ်။ လူမှုကွန်ရက်ကနေ ငွေလိမ်စားနေတဲ့သူတွေ အများကြီးဘဲ၊ ဖမ်းပြလိုက် အပေးအယူရလို့ ပြန်လွှတ်လိုက်နဲ့ ကျမသိသလောက် အချို့ဖမ်းခံရတဲ့ ကျားဖြန့်ခေါင်းဆောင်တွေဆို ငွေ သိန်းရာချီပေးတာနဲ့ ချက်ချင်းပြန်လွှတ်ပေးတာတွေရှိတယ်” လို့ မူဆယ်မြို့ခံ အမျိုးသမီးတစ်ဦးကပြောသည်။
ယခု စစ်ကော်မရှင်က ပြန်လွှတ်ပေးခဲ့သည့် ကျားဖြန့် လုပ်ကိုင်သူ လေးရာကျော်အနက် ထက်ဝက်ခန့်မှာ အမျိုးသမီးများဖြစ်ကြောင်းသိရသည်။
မူဆယ်မြို့တွင် အွန်လိုင်း ကျားဖြန့်လုပ်ကိုင်သူများအပြင် တရုတ်နိုင်ငံသို့ သွားရောက်လိုသူများကို မြန်မာ-တရုတ်နယ်စပ် ဖြတ်ကျော်ခွင့် လက်မှတ်(စာအုပ်အနီ) ပြုလုပ်ပေးမည်ဟုဆိုကာ ငွေကြေးလိမ်လည်သူများလည်းရှိကြောင်း သိရသည်။
“အခု မူဆယ်မြို့က လိမ်လည်စားသောက်နေတဲ့သူတွေများကြီးဘဲ၊ ကျားဖြန့်နဲ့ လိမ်လည်သူတွေရှိသလို အချို့က အလုပ်ချိတ်ပေးမယ်ဆိုပြီး ခေါ်သွားမှာ ကျားဖြန့်အလုပ်မှန်းသိရတာမျိုး၊ ပြန်ထွက်ဖို့လည်း မလွယ်ဘူး။ နယ်စပ်မှာ အလုပ်လာလုပ်ချင်တဲ့သူတွေအနေနဲ့ သေချာစုံစမ်းပြီး အထူးဂရုစိုက်ဖို့လိုတယ်” ဟု မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၃၀ရက်ကလည်း မူဆယ်မြို့တွင် ကျားဖြန့် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၅၆ ဦးကို စစ်ကော်မရှင်က ဖမ်းဆီးပြီး တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သေးသည်။
“ကျတော့် အမြင်အရဆိုရင်လေ စစ်တပ် တရုတ်နိုင်ငံသား ကျားဖြန့်တွေဆိုရင် ဖမ်းပြီး တရုတ်နိုင်ငံကို ပို့တယ်။ မြန်မာနိုင်ငံသားတွေဆိုရင် မူဆယ်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်။ ဖမ်းခံရတဲ့သူတွေ အများစု အလုပ်သမားတွေ၊ ခေါင်းဆောင်တွေကို ဖမ်းခံရတယ်လို့ သိပ်မကြားမိဘူး မတွေ့ရဘူး။ ခေါင်းဆောင်တွေကို မဖမ်းနိုင်သရွေ့တော့ ကျားဖြန့်က အမြစ်ပြတ်ဖို့ မဖြစ်နိုင်ဘူး။ အခုလည်း မူဆယ်မှာ ကျားဖြန့်တွေက အရမ်းပေါလွန်းတယ်” ဟု နောက်ထက် မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
မူဆယ်မြို့သည် တရုတ်-မြန်မာနယ်စပ်မြို့ တစ်ခုဖြစ်သည့်အပြင် နယ်စပ်ကုန်သွယ်ရေးအတွက် အဓိက ထွက်ပေါက်ဖြစ်သော်လည်း စစ်ကော်မရှင် အာဏာသိမ်းပြီးနောက် ကျားဖြန့်၊ လူကုန်ကူးမှု၊ ခိုးမှု၊ လုယက်မှု၊ ဓားပြမှုနှင့် ပြန်ပေးဆွဲမှုများလည်း ပိုမို ပေါများလာကြောင်း သိရသည်။
စာတည်း-ကိုဆန်း
