ပြည်တွင် ပေါ်တာဆွဲရာမှ စစ်တပ်ချင်း ပြဿနာတက်ကာ ရန်ဖြစ် ရိုက်နှက်ကြ

ဓာတ်ပုံ - ပြည်မြို့အလှ ပြည်ဒေသ
ပုံစာ - ပြည်မြို့ ကမ်းနားလမ်းကို တွေ့ရစဉ်။ ( ပုံဟောင်း )

ပဲခူးတိုင်း၊ ပြည်မြို့တွင် စစ်မှုထမ်းအတွက် ပေါ်တာဆွဲရာမှ ပြဿနာတက်ကာ ၉၅၉ တပ်နှင့် ၇၅ စစ်သားစုဆောင်းရေးတပ်တို့ ရန်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၅ရက်၊ ည ၉နာရီခွဲခန့်က ပြည်မြို့၊ ဆင်စုရပ်ကွက်၊ ကမ်းနားလမ်းရှိ အမှတ်၇၅ စစ်သားစုဆောင်းရေးတပ်အနီးတွင် ထိုင်နေသော အရန်မီးသတ်အဖွဲ့ဝင် နှစ်ဦးနှင့် အမျိုးသား တစ်ဦးတို့ကို ပြည်မြို့အခြေစိုက် အမှတ် ၉၅၉ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ အလုပ်ရုံတပ်ခွဲ (၉၅၉ လျှပ်/စက်တပ်) မှ စစ်သားများက ပေါ်တာဆွဲဖမ်းဆီးခဲ့ရာမှ ရန်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်မြို့ သတင်းရင်းမြစ်ထံက သိရသည်။

” ၉၅၉ တပ်က စစ်သားတစ်ဦးရယ်၊ ပျူစောထီး၃ဦးရယ်က ကမ်းနားလမ်းမှာထိုင်နေတဲ့ လူငယ်သုံး ဦးကို ဖမ်းတာ။ ဖမ်းခံရတဲ့အထဲ အရန်မီးသတ်က နှစ်ယောက်ပါတယ်။ ကျန်တဲ့ကောင်လေးက ထွေအုပ်ရုံးကတစ်ယောက်နဲ့ အမျိုးတော်တော့ ဖုန်းလှမ်းဆက်ပြီး ခေါ်ရင်း ဆူဆူညံညံဖြစ်တော့ ၇၅ စု‌ဆောင်းရေးတပ်က စစ်သားတွေထွက်လာပြီး အားလုံးကို ၇၅ ထဲ ခေါ်သွားတာ ” ဟု ၎င်းက MPA ကို ပြောသည်။

၉၅၉ တပ်မှ စစ်သားနှင့် ပျူစောထီးများသည် အရပ်ဝတ်ဖြင့် ပေါ်တာဆွဲရန် ထွက်လာခြင်းဖြစ်ပြီး ၎င်းတို့မှာ ၉၅၉ တပ်မှဖြစ်ကြောင်း ရှင်းပြရာ ၇၅ စုဆောင်းရေးတပ်မှ စစ်သားများက နယ်ကျော်၍ တပ်သားသစ်စုဆောင်းသည်ဟုဆိုကာ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း သိရသည်။

” ၉၅၉တပ်ဗိုလ်မှူးက သိတော့ ၇၅ တပ်ကို ဖုန်းဆက်ပြီးပြောတာကို ဘာဗိုလ်မှူးလဲ၊ ဘာကောင်လဲ ဆိုပြီး ဆဲတာနဲ့ ပြဿနာထပ်တက်။ ည ၁၁ လောက်ကျ ၉၅၉တပ်က ဗိုလ်မှူးနဲ့စစ်သားတွေရယ်၊ ထွေအုပ်ကလူတွေရယ် စုဆောင်းရေးတပ်ကို လိုက်သွားတယ်။ ပြဿနာတွေဖြစ်ပြီး လူကို ပြန်ထုတ်သွားတယ် ” ဟု ၎င်း ဆက်လက်ပြောသည်။

ပေါ်တာဆွဲခံရသည့် အရန်မီးသတ် နှစ်ဦးနှင့် အမျိုးသားတစ်ဦးကိုလည်း ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

၉၅၉ တပ်သည် ပြည်မြို့ပေါ် ၊ ခေတ္တရာရပ်ကွက်၌ တည်ရှိပြီး ပြည်ဒေသခံ အများစု တာဝန်ထမ်း ဆောင်နေသည့် တပ်ဖြစ်သည်။

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် ပြည်မြို့နှင့် အနီးတဝိုက်ကျေးရွာများမှ အဓမ္မစုဆောင်းလာသော လူငယ်များကို စစ်သင်တန်းမပို့မီ ၉၅၉ တပ်၌ အရင် ထိန်းသိမ်းထားသည်။

စစ်မှုထမ်းအပတ်စဉ်၁၇ကို စက်တင်ဘာ၁၅ရက်တွင် စစ်ကော်မရှင်က ဖွင့်လှစ်ခဲ့သည်။

စာတည်း-ML