စစ်အုပ်စုက မြန်မာပြည်သူများကို ငတ်မွတ်အောင်ထားရှိ စေခြင်းဖြင့် အညံ့ခံစေသည့်နည်းလမ်းအား အသုံးပြုနေသည့်အပေါ် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် လက်ပိုက်ကြည့်မနေသင့် ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားလိုက်သည်။
အောက်တိုဘာ၁၇ရက်နေ့၊ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသည့် စားနပ်ရိက္ခာရရှိခွင့် ဆိုင်ရာ အပြန် အလှန်ဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါအတိုင်းပြောကြားခဲ့သလို မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာ ရရှိခွင့်မှာ စနစ်တကျပင် ငြင်းပယ်ခံထားရကြောင်းလည်း ဆိုသည်။
“ပြည်သူတွေ ငတ်နေရင် သူတို့ကို(စစ်အုပ်စု)မတော်လှန်နိုင်တော့ဘူးဆိုတဲ့ ဗျူဟာကို အရက်စက် ဆုံး ကျင့်သုံးနေတယ်။ရွာတွေ မီးရှို့တယ်။ပစ္စည်းတွေလုတယ်။မြို့ပြတွေမှာဆိုရင်လည်း ကျူးကျော် ဆိုပြီး အိမ်တွေဖျက်၊ဆိုင်တွေဖျက် လုပ်နေတာက ပြည်သူတွေ ငတ်အောင်ကို ရည်ရွယ်ချက်ကြီးကြီး နဲ့ လုပ်ဆောင်နေတာ”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။
စစ်အုပ်စုသည် အကူအညီပေးအပ်သည့် ထောက်ပံ့မှုများကို တားမြစ်ပိတ်ဆို့ခြင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ဟန့်တားကန့်သတ်ခြင်းနှင့် လယ်ယာမြေများနှင့် စိုက်ပျိုးရေးသုံး ပစ္စည်းကိရိယာများကို လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများဖြင့် ဖျက်ဆီးခြင်းတို့ လုပ်ဆောင်လျက်ရှိကြောင်း ထို့အပြင် စစ်အုပ်စုက ခရိုနီအသိုင်းအဝိုင်းများကို မဖြစ်မနေ လိုအပ်သည့် ကုန်စည်ပစ္စည်း ဝင်ထွက် စီးဆင်းမှုများအား ထိန်းချုပ်ရန်နှင့် ကုန်ပစ္စည်းများ ရှားပါးမှုမှတစ်ဆင့် အမြတ်ထုတ်နိုင်ရန် ခွင့်ပြုပေးထားကြောင်း၊
ဆိုးရွားသည့် အခြေအနေ အမျိုးမျိုး စုဆုံနေသည့် အနေအထားတွင် အမျိုးသမီးများ၊ ကလေး သူငယ်များ၊ ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် အိမ်ထောင်စုများ၊ ရိုဟင်ဂျာ ဒုက္ခသည်များ၊ မြို့နေပြည်သူများ အားလုံးအနေဖြင့် စားနပ်ရိက္ခာ မဖူလုံမှု၊ အာဟာရ မပြည့်ဝမှု၊ ကျန်းမာရေး အရေးပေါ်အခြေအနေများနှင့် ဝင်ငွေ မလောက်ဌမှုတို့ကြောင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများနှင့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရကြောင်းလည်း ဆိုသည်။
ခန့်မှန်းခြေအားဖြင့် ၂၀၂၅ ခုနှစ်တွင် လူဦးရေ ၁၅ဒဿမ၂ သန်းခန့်သည် အရေးပေါ် စားနပ်ရိက္ခာ မလုံ လောက်မှုနှင့် ရင်ဆိုင်နေရပြီး ၃ဒဿမ၅ သန်းသော ပြည်သူများအနေဖြင့် ပြည်တွင်း၌ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရကြောင်း အာဏာသိမ်းမှု၏ နောက်ဆက်တွဲအဖြစ် စားနပ်ရိက္ခာရရှိခွင့်မှာ ပြိုလဲလျက်ရှိကာ တရားမဝင် စစ်အာဏာသိမ်းမှုက စီးပွားရေးယန္တရားများကို လက်နက်သဖွယ် အသုံးပြုလျက် ငတ်မွတ်မှုနှင့် ဆင်းရဲမွဲတေမှုတို့ ဖြစ်ပေါ်စေလျက်ရှိကြောင်း သံအမတ်ကြီးက ပြောသည်။
ဆက်လက်ပြီးသံအမတ်ကြီးက ထိုသို့ အမြတ်ထုတ်မှု၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်နှင့် ရက်စက်ကြမ်း ကြုတ် မှုများ အပြီးတိုင်ချုပ်ငြိမ်း ရေးအတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းထံမှ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုရှိသည့် ထိရောက်သော ဆောင်ရွက်ချက်များ ချက်ချင်း လုပ်ဆောင်ရန် တောင်းဆိုကြောင်းလည်း ပြောသည်။
စာတည်း-ML
