ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် ကျေးရွာများကို ဗုံးကြဲနေသည့် ဘတ် ၁၁ သိန်းတန် စစ်တပ်ဒရုန်းအား PDF တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ယင်းဒရုန်းသည် ယနေ့ ( အောက်တိုဘာ ၁၉ရက် )၊ နံနက် ၁၀ နာရီခွဲခန့်တွင် လက်ပံတန်းမြို့နယ်၊ သရက်ချောင်း ကျေးရွာ၏ အနောက်ဘက် မီတာ ၈၀၀ခန့် အကွာသို့ စက်ချို့ယွင်းကာ ပျက်ကျခဲ့ခြင်းဖြစ်ပြီး သာယာဝတီဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
” ၁၆ရက်နေ့ကတည်းကစပြီး တိုက်ပွဲဖြစ်ခဲ့တဲ့နေရာနားက ရွာတွေကို ဒရုန်းနဲ့ ဗုံးကြဲနေတာ။ ဒရုန်းက တန်ဖိုးအားဖြင့် ဘတ် ၁၁ သိန်းလောက်တန်တယ်လို့ သိထားရတယ်။ ဒီကောင်က ပြန်ပြီး အသုံးပြုလို့ရသေးတယ်။ လိုအပ်တဲ့စက်တွေ ဖြည့်လိုက်ရင်ရပါပြီ။ ပစ္စည်းပစ္စယလေးတွေတော့ ကျနော်တို့မှာလိုက်ပြီ။ ရရင်တော့ ဒါနဲ့ ရန်သူကို ပြန်တိုက်ခိုက်ဖို့ ပြန်သုံးသွားမှာပါ ” ဟု သာယာဝတီဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ စစ်ရေးတာဝန်ခံ ကိုဥက္ကာက MPA ကို ပြောသည်။
အောက်တိုဘာ ၁၆ ရက်ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့သည့် သရက်ချောင်းကျေးရွာ အနီးတဝိုက်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။
” ရွာတွေက တိုက်ပွဲဖြစ်ကတည်းက နီးစပ်ရာဆွေမျိုးသားချင်းတွေဆီ ရှောင်ကြတိမ်းကြတယ်။ တိုက်ပွဲဖြစ်ကတည်းက ရွာတွေ ခြောက်သွေ့သွားတာ ” ဟု ၎င်းကဆက်လက်ပြောသည်။
အောက်တိုဘာ ၁၅ရက်တွင် လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာ၌ ကာကွယ်ရေးတပ်ဖွဲ့ များနှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁၅ဦးထက်မနည်းသေဆုံးကာ စစ်သုံ့ပန်းအဖြစ် ၁၂ဦး ဖမ်းဆီးရရှိခဲ့သည်။
သရက်ချောင်းကျေးရွာသည် လက်ပံတန်းမြို့နှင့် ၄မိုင်ခန့် ကွာဝေးပြီး ရန်ကုန် – ပြည်လမ်း အရှေ့ဘက်ခြမ်းရှိ ကျေးရွာဖြစ်သည်။
စာတည်း-ML
