သိမ်ဖြူမီးရထားရပ်ကွက်နားတွင် လူဖမ်းပြီး ရောင်းစားနေသည့် ပျူစောထီးများ ကျက်စားနေဟုဆို

Screenshot

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပန်းဆိုးတန်းတံတားအဆင်း သိမ်ဖြူမီးရထားရပ်ကွက်နား တစ်ဝိုက်တွင် လူဖမ်းပြီး ပြန်ရောင်းစားသည့် ပျူစောထီးများ ကျက်စားနေကြောင်း သိရသည်။

၎င်းပျူစောထီးတို့သည် ညဘက်တွင် အဆိုပါ လမ်းနားတဝိုက် လမ်းသွားလမ်းလာလူငယ်များကို ဖမ်းဆီးကာ ငွေ၁၀သိန်းအထက်နှင့် ပြန်ရွေးရသည့်ဖြစ်စဥ်များရှိကြောင်းနှင့် အောက်တိုဘာ၁၉ရက်၊ ည၉နာရီခန့်တွင် အထက်ပန်းဆိုးတန်းလမ်းပေါ် အထက ၃ ကျောင်းနား၌ အသင့်ရပ်ထားသော probox အဖြူရောင် အိမ်စီးကားပေါ်မှ အရပ်ဝတ်လူတစ်စုက လမ်းလျှောက်လာသော လူငယ်အမျိုး သား၂ ဦးကို ဖမ်းဆီးရာ တစ်ဦး ပါသွားကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ MGTN Spring News Scout Channel က သတင်းထုတ်ပြန်သည်။

“ပါသွားတဲ့လူငယ်ရဲ့ အခြေအနေလည်း ထပ်မသိရတော့ပါဘူး။ စစ်မှုထမ်းအတွက်ဆွဲသွားတာပဲ ဖြစ်ဖို့များပါတယ်ဗျ”ဟု Rangoon Scout Network-RSN မှ တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။

လွတ်မြောက်လာသူ လူငယ်မှာ အနီးရှိ ဖဆပလရပ်ကွက်သားဖြစ်ပြီး ၎င်းကိုချုပ်ထား၍ ရုန်းကန်ထွက်ပြေးလာသောကြောင့် အင်္ကျီပင် စုတ်ပြဲလာကြောင်း ဒေသခံတစ်ဦးက ပြောသည်ဟု MGTN ကဆိုသည်။

“လူငယ် တစ်ယောက် ထွက်ပြေးလာပြီးနောက် ဆွဲတဲ့‌သူတွေကို အနီးအနားက လူတွေ ဝိုင်းလိုက်ကြပါသေးတယ်။ ဒါပေမဲ့၊ မမိဘူးလို့ ပြောပါတယ်ဗျ”ဟု RSN တာဝန်ရှိသူက ဆက်လက် ပြောသည်။
ဖမ်းဆီးခံလိုက်ရသည့် လူငယ်မှာ အခင်းဖြစ်ပွားရာနေရာဝန်းကျင်၌ နေထိုင်သူမဟုတ်ဘဲ အလုပ်မှ အိမ်ပြန်လာသူဖြစ်နိုင်ကြောင်း MGTN ကဆိုသည်။

“လူလွတ်တာနဲ့ ဆွဲဖို့ ချောင်းနေတဲ့ အဖွဲ့တွေ နေရာတိုင်းလိုလိုမှာ ရှိပါတယ်။ စစ်သား၊ ရဲ၊ အရပ်ဝတ် အုပ်ကြီး၊ ပျူ လူမိုက် ‌စတဲ့အဖွဲ့တွေ အစုံလှုပ်ရှားနေတာပါ”ဟု RSN တာဝန်ရှိသူက ပြောသည်။

အောက်တိုဘာ၁၆ရက်၊နေ့ခင်းပိုင်းကလည်း ရွှေပြည်သာမြို့နယ်၊ဝါးတရာစက်မှုဇုန်လမ်းပေါ်တွင် အမျိုးသားလူငယ်တစ်ဦး လမ်းလျှောက်သွားလာနေစဉ် တက္ကစီ၂စီး ရောက်လာကာ ထိုးကြိတ်၍ ဖမ်း ဆီးသွားခဲ့ရာ ယင်းလူငယ်၏ မိသားစုက စစ်တပ်ထံမှ ငွေနှင့် ပြန်ရွေးလိုက်ရကြောင်း RSN က ထုတ်ပြန်ထားသည်။

စာတည်း-ML