စစ်ကော်မရှင်ပြန်လည် သိမ်းပိုက်ခဲ့သည့် ပုလဲမြို့က ကျေးရွာတွေကို တော်လှန်ရေးတပ်က အခုချိန်ထိ ပြန်လည်သိမ်းပိုက်နိုင်ခြင်းမရှိ

ဓာတ်ပုံ- ပေးပို့
ပုံစာ - ပုလဲမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူများအား တွေ့ရစဥ်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်ရဲစခန်းကို ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားနိုင်သော်လည်း အနီးရှိ ကျေးရွာများကို လက်လွှတ်ထားရကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

၂၀၂၅ ခုနှစ်၊ ဇွန် ၁၉ ရက်မှစ၍ လက်ရှိအချိန်ထိ ပုလဲမြို့နယ်၊ မုံရွာ – ပုလဲ – ဂန့်ဂေါလမ်းမကြီးပေါ်ရှိ ကန့်ဒေါင့်ရဲစခန်းကိုဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားနိုင်သော်လည်း၊ ယခင်က တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားနိုင်သည့် မုံရွာ – ပုလဲ – ဂန့်ဂေါလမ်းမကြီးပေါ်ရှိ လက်ပုကန်၊ နှောကန်၊ မင်းတိုင်ပင်ကျေးရွာများကို လက်လွှတ်ခဲ့ရခြင်း ဖြစ်သည်။

“ကန့်ဒေါင့်ကို မသိမ်းနိုင်ခင်ကတော့ ကန့်ဒေါင့်စခန်းကို ကွင်းလမ်းကနေ သွားရတယ်။ အခု ကန့်ဒေါင့်စခန်းကို ရသွားတော့ ကွင်းစရာမလိုတော့ဘူး။ ဒါပေမဲ့ မင်းတိုင်ပင်ရွာမှာ စစ်တပ်ရှိနေတော့ ကွင်းပြီး သွားနေရတယ်။ လက်ပုကန်နဲ့ မင်းတိုင်ပင်က တဆက်တည်းပဲ။ လက်ပုကန်နဲ့ ကျောက်ဖျာကန်ဆိုရင် စစ်တပ်က ကူးလူးသွားလာနေတာ။ အင်အားဘယ်လောက်ရှိလဲတော့ မပြောတတ်ဘူး” ဟု မင်းတိုင်ပင်ကျေးရွာမှ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။

၂၀၂၅ ခုနှစ်၊ သြဂုတ် ၂၀ ရက်တွင် ပုလဲမြို့နယ်၊ ငှက်ပျောတော(တောင်) ကျေးရွာမှ ထွက်လာသည့် အင်အား ၂၀၀ ဝန်းကျင်ပါ စစ်ကော်မရှင်စစ်ကြောင်းက မင်းတိုင်ပင်ကျေးရွာသို့ ရောက်ရှိလာကာ မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့နောက် မင်းတိုင်ပင်ကျေးရွာနှင့် တဆက်တည်းတည်ရှိနေသည့် နှောကန်၊ လက်ပုကန်ကျေးရွာများသို့ ဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းရိက္ခာများကို ယူဆောင်ခဲ့ပြီး၊ လက်ရှိအချိန်ထိ အဆိုပါကျေးရွာများအတွင်း၌ တပ်စွဲနေထိုင်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်က အင်မထီးနှင့် ဇီးဖြူကုန်းပျူစောထီးကျေးရွာများအပါအဝင် လက်ပုကန်၊ မင်းတိုင်ပင်၊ ကျောက်ဖျာကန်၊ ဦးနှောက်နှင့် တလိုင်းကန်ကျေးရွာတို့တွင်လည်း ဘန်ကာများတည်ဆောက်ကာ တပ်စွဲနေထိုင်လျက်ရှိနေကြောင်း သိရသည်။

“တလိုင်းကန်၊ ဦးနှောက်၊ မင်းတိုင်ပင်၊ လက်ပုကန်ရွာတွေမှာ စစ်ကော်မရှင်တပ်က အခုထိ ထိုင်ထားတုန်းပဲ။ ကန့်ဒေါင့်ရဲ့ ပက်ချာလည်မှာ နေလိုက်၊ တပ်ဆုတ်လိုက်နဲ့ နေနေကြတာ။ မနေ့ည(အောက်တိုဘာ ၂၀ ရက်)ကတော့ အင်မထီးဘက်ကနေ ကျတော်တို့ရွာတွေဘက်ကို လက်နက်ကြီးတွေရမ်းထုနေတာ၊ နှစ်ညရှိပြီ။ အရင်ရက်တွေကလည်း ပစ်တယ်။ ရွာတွေထဲ လူမရှိတော့ အထိအခိုက်ကတော့ မရှိဘူး” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

တိုက်ပွဲစတင်ဖြစ်ပွားသည့် ၂၀၂၅ ခုနှစ်၊ ဇွန် ၂ ရက်မှစ၍ လက်ရှိ အောက်တိုဘာ ၂၁ ရက်အထိ ပုလဲမြို့အနောက်ဘက်ရှိ ရင်ပေါင်တိုင်၊ မြကုန်း၊ ကျေးသမျှား၊ ရွာသစ်၊ ကုက္ကိုလ်ကုန်း၊ အလယ်ဘုံ၊ မဲဇရပ်၊ ဦးနှောက်၊ ညောင်ရမ်းကုန်း၊ သာယာကုန်း၊ ဆူးပုတ်ကုန်း၊ သရက်ကန်၊ ထန်းတောတိုက်၊ သပြေကုန်း၊ အင်ကြင်းစု၊ မန်ကျည်းစု၊ စပါးစေ့၊ သရက်၊ ပုထိုးသာ၊ ငှက်ပျောတော၊ ကြောင်သန်း၊ စေတီယျုံ၊ ကိုင်းတွင်း၊ နှောကန်၊ လက်ပုကန်၊ မင်းတိုင်ပင်နှင့် ကျောက်ဖျာကန်ကျေးရွာများမှ ဒေသခံပြည်သူ ၃၀၀၀၀ ဝန်းကျင်မှာ နီးစပ်ရာ တောတိုက်များ(လယ်စောင့်တဲများ) တွင် စစ်ရှောင်နေကြရသည်။

“ရွာကတော့ ပြန်ဝင်လို့ မရသေးဘူး။ တိုက်ပွဲစဖြစ်ကတည်းက ရှောင်နေရတာ၊ သုံးလလောက်ရှိပြီ၊ အခုလည်း စစ်ရှောင်နေရတာတွေကလည်း ပြန့်ကျဲနေတာ။ ဆောင်းဝင်လာရင်တော့ ရာသီဥတုအေးတာနဲ့ အဆင်မပြေနိုင်ဘူး” ဟု လက်ပုကန်ကျေးရွာမှ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်က ၄င်းတို့ လက်လွှတ်ခဲ့ရသည့် ကန့်ဒေါင့်စခန်းကို ပြန်လည်ရရှိရန် အင်မထီးနှင့် ဇီးဖြူကုန်းပျူစောထီးကျေးရွာတို့တွင် စစ်အင်အားဖြည့်တင်းကာ ထိုးစစ်ဆင်ရန် ကြိုးပမ်းလျက်ရှိနေသည်။

စာတည်း-ကိုဆန်း